စစ်တွေမြို့၌ ကျပန်းအလုပ်လုပ်ကိုင်သည့် ဖခင်နှင့် သမီးဖြစ်သူ(၂)ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
NSS - အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျပန်းအလုပ်လုပ်ကိုင်သည့် ဖခင်နှင့် သမီးဖြစ်သူ(၂)ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)၊ ည ၇ နာရီ ၃ဝ မိနစ် ဝန်းကျင်အချိန်တွင် စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်၊ အေးသာယာလမ်းရှိ နေအိမ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် သားဖ(၂)ဦးမှာ အထက်ပါလမ်းရှိ ၎င်းနေအိမ်ရှိနေစဉ် လက်နက်ကိုင်ဆောင်လာသည့် အမျိုးသား(၂)ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြောသံကြားတာတော့ အပစ်ခံရတာ သားအဖလို့ သိရတယ်။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား တစ်ယောက်ပေါ့။ အမျိုးသားကတော့ ဆေးရုံသွားတဲ့လမ်းပေါ်မှာပဲ ဆုံးသွားတာပါ။ အမျိုးသမီးကတော့ စိုးရိမ်စရာ သိပ်မရှိပါဘူး” ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် အသက်(၆၁)နှစ်အရွယ် ဦးတင်မောင်စိန်၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ အသက်(၃၁)နှစ်အရွယ် ဒေါ်သာနှင်း၏ လက် နှင့် ပေါင်တို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဘာကြောင့် ပစ်တယ်။ ဘာလို့ ပစ်တယ်ဆိုတာတော့ မသိရဘူး။ အပစ်ခံရတဲ့သားအဖက ဒီနေရပ်ကပဲ ပန်းရံ လုပ်တဲ့လူတွေပါ။ ကျန်တာတော့ သက်ဆိုင်ရာက လုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို သက်ဆိုင်ရာမှ စုံစမ်းမှုများပြုလုပ်လျက်ရှိပြီး သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူအား စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲကို ကရင်လူထုအများစုက မလိုလားသော်လည်း စစ်ပွဲကိုအမှီပြု အကျိုးအမြတ်ရနေသူအချို့က တိုက်ပွဲများကို ဖန်တီးနေဟု ပဒိုရွှေမောင်း ဝေဖန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း