အကျဉ်းထောင်ဝန်ထမ်း(၂)ဦး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံရမှုနှင့်အတူ အကျဉ်းသား(၅)ဦး ထွက်ပြေးလွတ်မြောက်ခဲ့မှု ထားဝယ်မြို့၌ ဖြစ်ပွား
မြူနစ် (NSS) - အောက်တိုဘာ ၂
အကျဉ်းထောင်ဝန်ထမ်း (၂)ဦး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံရမှုနှင့်အတူ အကျဉ်းသား(၅)ဦး ထွက်ပြေးလွတ်မြောက်ခဲ့မှု ထားဝယ်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရေဝိုင်းလမ်းဆုံအနီး၌ ပြီးခဲ့သော စက်တင်ဘာ ၃ဝ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
ထားဝယ်အကျဉ်းထောင်မှ ထောင်ဝန်ထမ်း(၂)ဦးနှင့် အကျဉ်းသား(၅)ဦးသည် စက်တင်ဘာ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် ကားတစ်စီးဖြင့် ရာဘာထင်းများကို သယ်ဆောင်ရန်အတွက် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ဇီးကျကျေးရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လုပ်ကိုင်ပြီးနောက် ညနေပိုင်းအချိန်တွင် ထားဝယ်အကျဉ်းထောင်သို့ ပြန်လာစဉ် မောင်မယ်ရှောင်ကျေးရွာ၊ ရေဝိုင်းလမ်းဆုံအနီးတွင် အကျဉ်းထောင်ဝန်ထမ်း(၂)ဦးမှာ သတ်ဖြတ်ခံခဲ့ရပြီး အကျဉ်းသား(၅)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
“ထောင်ဝန်ထမ်းနဲ့ အကျဉ်းသားတွေက ထင်းသွားသယ်တာပေါ့။ အပြန်မှာ PDF အဖွဲ့နဲ့ တွေ့ပြီးတော့ အသတ်ခံရတာလို့ ကြားရတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲ အကျဉ်းထောင်ဝန်ထမ်း(၂)ဦး ဆုံးသွားတယ်။ အကျဉ်းသားတွေကတော့ လွတ်မြောက်နေတာပေါ့။ လုံခြုံရေးအဖွဲ့တွေကတော့ လိုက်လံစုံစမ်းနေပါတယ်” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထားဝယ်အကျဉ်းထောင်မှ ဝန်ထမ်း (၂)ဦးမှာ ကိုအောင်ဘိုဘိုထွဋ်နှင့် ကိုလွင်ငြိမ်းတို့ဖြစ်ပြီး ၎င်းတို့သည် လက်ပြန်ကြိုးတုပ်ခံရပြီး နောက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်အတွင်း အကျဉ်းသား (၅)ဦးသည်လည်း ထွက်ပြေးလွတ်မြောက်နေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက ယခင်ထက်ပိုမိုမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ကျော်အထိရှိလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း