အောက်တိုဘာ(၁)ရက်တွင် ဖွင့်လှစ်မည့် (၅၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ထီစာအုပ်ပေါင်း(၆)သိန်းကျော်ကို ရောင်းချနိုင်ခဲ့ဟုဆို
စော (NSS) - စက်တင်ဘာ ၂၈
အောက်တိုဘာလ(၁)ရက်တွင် ဖွင့်လှစ်မည့် (၅၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ထီစာအုပ်ပေါင်း (၆)သိန်းကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့(စက်တင်ဘာလ ၂၈ရက်)ထုတ်နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
(၅၅)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ “ည”အက္ခရာအထိ အက္ခရာ(၁၀)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ်သော ထီစာအုပ်ပေါင်း (၆၁၃၆၄၀)အုပ်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထီလက်မှတ်များ ရောင်းချရငွေသည် ကျပ်သန်း (၆၁၃၆ ဒသမ ၄၀၀)ရရှိခဲ့ပြီး (၇၀)ရာခိုင် နှုန်းကို ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ခြင်းကြောင့် ငွေကျပ်သန်း (၄၂၉၅ ဒသမ ၄၈၀)ကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ (၇၀)ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်သွားမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၁၇၂ ဒသမ ၂၆၀) ကိုလည်း ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၅၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၅၅)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီဖွင့်ပွဲကို အောက်တိုဘာလ (၁)ရက်တွင် သီးခြားဖွင့်လှစ်သွားမည်ဖြစ်ပြီး ထီလက်မှတ်များကို အောက်တိုဘာလ (၂၉)ရက်၊ ည (၁၁)နာရီ (၅၉)မိနစ်ဝန်းကျင်အထိ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းအား ဆုမဲအဖြစ်ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်သော်လည်း ချီးမြှင့်မည့် ပမာဏကို ဖော်ပြထားခြင်းမရှိပေ။
အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို လာမည့်(အောက်တိုဘာလ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့နယ်တွင် ရာအိမ်မှူးအမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ