မြန်မာနိုင်ငံ၌ ပထမဆုံးအကောင်အထည်ဖော်နေသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်း လာမည့်နှစ် အောက်တိုဘာတွင် ရာနှုန်းပြည့်ပြီးစီးမည်
ယွန်း (NSS) - စက်တင်ဘာ ၂၄
မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၅၀၀ ကေဗွီ ကံ ကောင်းဓာတ်အားခွဲရုံစီမံကိန်းကို လာမည့်နှစ်(၂၀၂၄) အောက်တိုဘာလတွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက စက်တင်ဘာလ (၂၃) ရက်တွင် အဆိုပါ ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းသည် (၇၃ ဒသမ ၁၇) ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်ရှိသည့်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲကာ အချိန်ဇယားအတိုင်း ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် စီမံကိန်းများကို ဆောင်ရွက်ရာ၌ အခက်အခဲများကြောင့် သက်တမ်းတိုးရန်လိုအပ်ပါက သေချာတိကျခိုင်မာသည့် အချက်အလက်များဖြင့် ကြိုတင်သက်တမ်းတိုးတင်ပြရန်လည်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ဓာတ်အားခွဲရုံမြေနေရာများကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေးအတွက် ဟန်ချက်ညီဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထား သည်။
“ကျွန်တော်တို့ဆီမှာ ဓာတ်အားစနစ်ရဲ့လက်ရှိသုံးနေတာက ၂၃၀ ကေဗွီ ဓာတ်အားလိုင်းပေါ့။ အခုဟာက ၂၃၀ ကေဗွီထက်ပိုကြီးတဲ့ ၅၀၀ ကေဗွီ ဆိုတော့ ဓာတ်အားပိုပြီးတော့ သယ်ဆောင်နိုင်တာပေါ့။ ပိုပြီးပို့လွှတ်ဖြန့်ဖြူးနိုင်တယ်။ ဥပမာပြောရရင် ၂၃၀လိုင်းတစ်လိုင်းက မဂ္ဂါဝပ်(၁၀၀)လောက်သယ်နိုင်တယ် ဆိုရင် ၅၀၀ ကေဗွီက (၃၀၀)(၄၀၀)မဂ္ဂါဝပ်လောက်ကို ပိုပြီးသယ်နိုင်တာမျိုးပေါ့။ ၅၀၀ ကေဗွီမှာ ပို့လွှတ်တဲ့ ကြိုးတွေရဲ့ ဆိုဒ်တွေကလည်း ကြီးလာမယ် ပိုပြီးတော့သယ်နိုင်တာပေါ့” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ် နဲ့ တင်းမာမှုများရှိနေချိန်မှာပဲ ဗီယက်နမ်နိုင်ငံကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးဖို့ အမေရိကန်အစိုးရ ကမ်းလှမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ