ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးငယ်များနေ့စဉ် သေဆုံးနေရ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ
ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ကူညီပေးမှုအားနည်းချက်တွေကြောင့် ကလေးငယ်များနေ့စဉ် သေဆုံးလျက်ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ Filippo Grandi က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ သေဆုံးမှုတွေကိုတားဆီးဖို့ လုပ်ဆောင်ရမယ်။ တိုက်ခိုက်မှုတွေကို အဆုံးသတ်ရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဆူဒန်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ မေလအလယ်ပိုင်းကနေ စက်တင်ဘာလအထိ ဝက်သက်ရောဂါအပြင် အာဟာရချို့တဲ့မှုတွေကြောင့် ကလေးငယ်ပေါင်း (၁၂၀၀)ကျော်သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းတည်းက ဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျန်းမာရေးအခြေနေတွေဆိုးရွားလာပြီး စိုးရိမ်မှုများဖြစ်စေခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆရာဝန်လိုအပ်ချက်၊ အသက်ကယ်ဆေးဝါးလုံလောက်မှုမရှိခြင်း နဲ့ ဆေးဘက်ဆိုင်ရာအရေးပေါ်ပစ္စည်းများမရှိခြင်းကြောင့် ပြည်သူတွေအခက်ခဲဖြစ်နေကြောင်း ဆိုပါတယ်။ ဒါ့ပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကျန်းမာရေး အဆောက်အဦးတွေကို တိုက်ခိုက်တာမျိုးတွေလည်းရှိနေကြောင်းဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ဒေသခံအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေဟာ ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတာတွေနဲ့ ရောဂါများထပ်မံမဖြစ်ပွားအောင်ကူညီပေးလျက်ရှိနေကြောင်း ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ နဲ့ အကူအညီလိုအပ်နေတဲ့သူတွေကိုဆေးဝါးကုသခွင့်ရအောင် ကူညီပေးဖို့ ဆူဒန်ပဋိပက္ခမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကိုတိုက်တွန်း တောင်းဆိုထားကြောင်းသိရပါတယ်။
ဆူဒန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ကူးစက်ရောဂါဖြစ်ပွားမှုတွေနဲ့ သေဆုံးမှုများ ထပ်မံမဖြစ်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ ဒါ့ပြင် ဆူဒန်နိုင်ငံမှာ ဒီနှစ်ကုန်အထိ မွေးကင်းစကလေးငယ်ပေါင်းထောင်ချီထပ်မံသေဆုံးမယ့် အလားလာတွေလည်းရှိနေကြောင်း UNICEF အဖွဲ့ကပြောပါတယ်။ ဆူဒန်မှာ ဆူဒန်စစ်တပ်နဲ့ RSF အဖွဲ့ကြား ဧပြီလ ၁၅ ရက်မှာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်ကာ ပိုက်ဆံလုယက်မှု ရေးမြို့၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း