အကြမ်းဖက်ကာ ပိုက်ဆံလုယက်မှု ရေးမြို့၌ဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ရေးမြို့တွင် ချေးငွေသိမ်းဆည်းလာသည့် အမျိုးသမီးတစ်ဦး၏ဆိုင်ကယ်အား အမျိုးသား(၂)ဦးမှ ခြေဖြင့်ကန်၍ ငွေကြေးများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ညနေ ၃နာရီ ၅၈မိနစ်အချိန်တွင် ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားလမ်း၊ မီးရထားလမ်းအကျော်၊ ဆန်းမြတ်ထွန်းတည်းခိုခန်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“သူကချေးငွေကုမ္ပဏီက ချေးထားတဲ့ပိုက်ဆံတွေစုပြီးအပြန်ပေါ့။ အဲဒီအချိန်မှာ လူ(၂)ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး ဘေးချင်းကပ်ကိုရောက်တော့ ဆိုင်ကယ်ကို ကန်လှဲလိုက်တယ်။ ကောင်မလေးက ဆိုက်ကယ်မှောက်သွားတော့ ပိုက်ဆံလုပြီး ဆိုင်ကယ်မောင်းပြေးသွားတာပေါ့”ဟု အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အကြမ်းဖက်လုယက်ခံရမှုကြောင့် ချေးငွေများပြန်ဆပ်ရန် စုစည်းလာသည့် အစင်ကျေးရွာမှ အသက်(၂၆)နှစ်အရွယ် မဇင်မာဝင်း၏ ဝဲဘက်လက်ဖျံရိုးတွင် အရိုးအက်ဒဏ်ရာနှင့် ပြင်ပထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ချေးငွေပိုက်ဆံ (၁၀)သိန်းကျော် လုယက်ခံလိုက်ရကြောင်း သိရသည်။
“မျက်နှာတွေဒူးတွေအပြင် ဝဲဘက်လက်ဖျံရိုး အရိုးအက်တဲ့သဘောပေါ့နော်။ အဲဒီလိုဒဏ်ရာတွေတော့ ပြင်းပြင်း ထန်ထန်ရသွားတယ်။ သူကချေးငွေကုမ္ပဏီမှာ အုပ်စုလိုက်ငွေချေးထားတာပေါ့။ အဲဒီချေးထားတဲ့ငွေတွေကို သူကလိုက်သိမ်းပြီး ကုမ္ပဏီကိုပြန်သွားသွင်းဖို့ အလာမှာ ခုလိုဖြစ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်တွင် လုယက်သူအသက်(၂၀)ဝန်းကျင် အမျိုသား(၂)ဦးအား သက်ဆိုင်ရာနှင့် လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံစုံစမ်းလျက်ရှိပြီး ဒဏ်ရာရရှိသူ အမျိုးသမီးအား ရေးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းမှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ဒီမှာက အဲလိုဖြစ်စဉ်တွေက ခုနောက်ပိုင်းမကြာမကြာဖြစ်တယ်ပေါ့။ မနေ့တုန်းကဆိုရင် ခုလိုလုယက်တာက (၃)ခုလောက်ထိဖြစ်တယ်။ မြို့လည်ခေါင်နဲ့ ရဇသစ်လမ်းမကြီးပေါ်မှာလဲဖြစ်ပါတယ်။ အခါတိုင်းလဲ ဖုန်းလုခံရတာတို့ ပိုက်ဆံအိတ်လုခံရတာတို့ ဖြစ်တယ်” ဟု ၎င်းကထပ်မံပြောသည်။
ရေးမြို့တွင် လုယက်မှုဖြစ်စဉ်များ ယခင်နှစ်ကထက်များလာလျက်ရှိပြီး လုယက်သူများအနေဖြင့် လုံခြုံရေးအင်အားနည်းမှုကို အခွင့်ကောင်းယူကာ အကြမ်းဖက်လုယက်မှုအား အုပ်စုဖွဲ့လုပ်ဆောင်လျက်ရှိကြောင်း အထက်ပါကူညီကယ်ဆယ်ရေးအသင်းမှ မှတ်ချက်ပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့ မွန်အမျိုးသမီးတစ်ဦးကို M-16 သေနတ်ကျည်ဆံများ၊ ကျည်ကပ်များနဲ့အတူ ဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း