စစ်တွေမြို့ပေါ်၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ALP မှ အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
NSS - စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ALP မှ အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၅ ရက်) နေ့လည်(၁၂)နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်ရှိ ဆက်သွယ်ရေးကြေးနန်းရုံးအနီး၌ ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
"ကြေးနန်းရုံးနားမှာ ဖြစ်သွားတာပါ။ ကျွန်တော်တို့ကို ဖုန်းဆက်တယ် လူတစ်ယောက် သွေးအိုင်ထဲမှာ လဲနေတယ်။ သေ နတ်ပစ်ခတ်မှုဖြစ်တယ်လို့ မပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့က သွားတဲ့အခါမှာ သေနတ်ပစ်ခံရတယ်ဆိုတာကို သိတာ။ ကျည်ဒဏ်ရာက နားထင်နားလောက်မှာ တစ်ချက်တွေ့တယ်။ ဘယ်သူမှန်းလဲ မသိရသေးပါဘူး" ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သော အမျိုးသားသည် အသက်(၃ဝ)ဝန်းကျင်အရွယ်ခန့်ရှိကြောင်း သိရပြီး လက်ရှိတွင် ၎င်းအား စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော အမျိုးသားသည် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို အတည်ပြုထားသည်။
၎င်းအမျိုးသားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
ပြီးခဲ့သော ဇူလိုင် ၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး၌ ALP အဖွဲ့မှ ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့သည် လက်နက်ကိုင်အဖွဲ့တစ်ခုသော ULA/AA အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
အလားတူ ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် (၃)ဦးသည် စစ်တွေမြို့ပေါ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ်များကို ရက်ချိန်းစနစ်ဖြင့် ထုတ်ပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း