ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒေသတည်ငြိမ်မှုရှိရန်လိုဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၁
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်မှုရှိရန်လိုကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ(၉)ရက်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် MSME လုပ်ငန်းရှင်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် သဘာဝရေမြေတောတောင်အလှများနှင့် အရင်းအမြစ်များစွာရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂုတ်ထိပ်တံတား နှင့် တောတောင်သဘာဝအလှများသည်လည်း ခရီးသွားများကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်မှုရှိရန်လိုအပ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ကြိုးပမ်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။
အလားတူ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်ရေး နှင့် တည်ခိုနေထိုင်ရေး၊ သွားလာရေးများကို ကောင်းမွန်အောင်ဆောင်ရွက်ပြီး ဝန်ဆောင်မှုကောင်းများကိုပေးမှသာ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံရှိ ယဥ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာတော့မည်ဖြစ်ပြီး ၎င်းတို့ဝင်ရောက်ရာတွင် အဆင့်သင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်မှစ၍ မြန်မာနိုင်ငံအဝင်အထွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ပခရီးသွားဝင်ရောက်မှုများနှင့်ပတ်သက်သည့် မူဝါဒပိုင်းဆိုင်ရာများကို ဖြေလျှော့မှုများပေးပြီး ပြင်ဆင်မှုများဆောင်ရွက်ပါက ယခုနွေရာသီတွင် ခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သုံးသပ်ပြောကြားထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပရောက်မြန်မာလုပ်သားများ တရားဝင်ငွေလွှဲစနစ်ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်း ငွေပြန်မလွှဲပါက ပြည်ပထွက်ခွာခွင့် ၃ နှစ် ပိတ်ပင်မည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း