ခရီးစဥ်တစ်ခေါက်လျှင် ငွေကျပ်သိန်း(၂ဝ)နီးပါး အရှုံးပေါ်နေ၍ ရန်ကုန်-မော်လမြိုင်ရထားခရီးစဥ်များကို လျှော့ချပြေးဆွဲမည်
ယွန်း (NSS) - စက်တင်ဘာ ၁ဝ
စက်သုံးဆီဈေးနှုန်းများကြီးမြင့်ပြီး ခရီးသည်လိုက်ပါစီးနင်းမှုလျော့နည်းကာ အရှုံးပေါ်နေမှုများကြောင့် ရန်ကုန်- မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် ခရီးစဥ်များ လျော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
ယခင်က ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်း၌ အမှတ်(၈၁) အဆန်/ အမှတ်(၈၂) အစုန်နှင့် အမှတ်(၈၉)အဆန်/ အမှတ်(၉ဝ) အစုန်ရထား စုစုပေါင်းရထား(၄)စီးဖြင့် ပြေးဆွဲလျှက်ရှိရာမှ မနက်ဖြန် (စက်တင်ဘာ ၁၁ ရက်)မှစ၍ ရထား(၂)စင်းသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
"ခရီးသည်က အရမ်းနည်းပြီး ဆီဖိုးတွေအရမ်းရှုံးလို့ပါ။ အရင်တုန်းကတော့ ဆီက လျှော့ဈေးနဲ့ရတယ် အခုကျတော့ မရတော့ဘူးလေ အများနဲ့တန်းတူ ဝယ်ရတယ်။ ရထားတွဲတွေ လျှော့ပြီးတော့ ပြေးဆွဲကြည့်သေးတယ် ခရီးသည်က အရမ်းနည်းတော့ ဒီလိုလုပ်ရတာပါ။ လက်မှတ်ခကတော့ အရင်အတိုင်းပါပဲ မပြောင်းပါဘူး" ဟု မော်လမြိုင်ဘူတာ ကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယခင်က မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီးသို့ လေအိတ်ရထားနှင့် ရိုးရိုးရထားဟူ၍ ရထားနှစ်စင်း ပြေးဆွဲ ရာ ရိုးရိုးရထား၌ ခရီးသည်(၄ဝဝ)နီးပါးစီးနင်းခဲ့သော်လည်း လက်ရှိတွင် ခရီးသည်(၁ဝဝ)နီးပါးခန့်သာ စီးနင်းကြောင်း သိရသည်။
ထို့ပြင် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီးသို့ ခရီးစဥ်တစ်ခေါက်အတွင်း ဆီဖိုးငွေကျပ်(၁၃)သိန်းခန့် ကုန်ကျနေပြီး လက်မှတ်များမှာ ငွေကျပ်(၃)သိန်းဖိုးခန့်သာ ရောင်းချရခြင်းကြောင်း အရှုံးပေါ်မှုများ ဖြစ်ပေါ်နေ ကြောင်း ၎င်းက ဆက်လက်ပြောသည်။
"မော်လမြိုင်ကနေ ရန်ကုန်ကိုပြေးရင် ဆီက (၁၃)သိန်းဖိုးလောက် ကုန်တယ် အခုက(၃)သိန်းဝန်းကျင်လောက်ပဲ ရတော့ (၁ဝ)သိန်းလောက်ကို ရှုံးနေတာ။ အသွားရော အပြန်ရောဆိုရင် ရထားတစ်စီးက သိန်း(၂ဝ)လောက်ကို ရှုံးနေတာပေါ့" ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အမှတ်(၈၁)အဆန်/ အမှတ် (၈၂)အစုန်ရထားတွဲဆိုင်းအား လေအိတ်ရထားတွဲဆိုင်း နှင့် ရိုးရိုး(AAR) တွဲဆိုင်းတို့ဖြင့် တစ်ရက်စီလှည့်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
ထို့ပြင် ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့များတွင် ပြေးဆွဲလျှက်ရှိသော RBE တွဲဆိုင်းအား ပြေးဆွဲမှုကိုလည်း ယာယီ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တာဝန်များကို ရယူခဲ့သော နစကအစိုးရလက်ထက် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း အကြမ်းဖက်သမားများ၏ ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးမှု (၁၂၅)ကြိမ်ဖြစ်ပွားခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် တံတားမိုင်းခွဲဖျက်ဆီးခြင်း အကြိမ်ရေသည် (၄၅)ကြိမ်၊ ဘူတာ နှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း အကြိမ်ရေ (၁၂)ကြိမ် ရှိခဲ့ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ULA/AA က ခေါ်ဆောင်ထားသည့် ပါတီဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်ကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့် ဦးဆောင်ပါတီ တောင်းဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း