BRICS အဖွဲ့၏ ကိုယ်ပိုင်ငွေကြေးတစ်ခုထုတ်လုပ်မည့် လုပ်ငန်းစဉ်မှာ မလွယ်ကူကြောင်း ရုရှားစီးပွားရေးဌာနအကြီးအကဲပြော
Pika (NSS) - စက်တင်ဘာ ၉
BRICS အဖွဲ့ဝင်နိုင်ငံများသည် ကိုယ်ပိုင်ငွေကြေးတစ်ခုထုတ်လုပ်နိုင်ရန် ဦးတည်လုပ်ဆောင်နေသော်လည်း အဆိုပါလုပ်ဆောင်ချက်မှာ အချိန်ကာလကြာမြင့်နိုင်သည့် ခက်ခဲသောလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာန အကြီးအကဲ Dmitry Birichevsky ကပြောကြားခဲ့သည်။
တောင်အာဖရိက၊ ဘရာဇီး၊ ရုရှား၊ တရုတ် နှင့် အိန္ဒိယတို့ပါဝင်သော BRICS အဖွဲ့သည် အမေရိကန်ဒေါ်လာ နှင့် ယူရိုငွေကြေးတို့အပေါ် မှီခိုအားထားနေရမှုများကို လျှော့ချရန်အတွက် အစားထိုးငွေပေးချေမှုစနစ်များ၊ နိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်ခြင်းများအပါအဝင် အခြားနည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်းသိရသည်။
Dmitry Birichevsky က"လာမယ့် အနာဂတ်မှာ BRICS အဖွဲ့သုံးငွေကြေးတစ်ခုကို ထုတ်လုပ်နိုင်မယ်ဆိုပေမယ့်လည်း အဲဒါဟာ အချိန်ကြာမြင့်နိုင်ပြီး ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲဒီငွေကြေးကို ထုတ်လုပ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အခြားငွေကြေးတွေအပေါ်ကို မမှီခိုချင်ဘူးဆိုရင် ကိုယ်ပိုင်ငွေကြေးတစ်ခုကို ထုတ်လုပ်မှရမှာပါ"ဟု ပြောဆိုခဲ့သည်။
အမေရိကန်ဦးဆောင်သော စီးပွားရေးမူဝါဒများသည် BRICS အဖွဲ့ဝင်နိုင်ငံများကို ကိုယ်ပိုင်ငွေကြေးတစ်ခုဖန်တီးရန်နှင့် အမေရိကန်ဒေါ်လာအခြေခံသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပြင် အခြားရွေးချယ်စရာများကို ရှာဖွေရန်အ တွက် တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချရေးလုပ်ငန်းစဉ်သည် ကိုယ်ပိုင်ငွေကြေးတစ်ခုထုတ်လုပ်နိုင်ရန် ဦးတည်လုပ်ဆောင်နေသော BRICS အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး၏ နောက်ဆုံးကြေညာချက်တွင် နိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်မှုကို ဖော်ပြသွားမည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။ အမေရိကန်ဒေါ်လာကို အခြေခံသည့် နိုင်ငံတကာငွေကြေးစနစ်သည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်ခြင်းမျိုးလည်းမရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အမှုဆောင်ဟောင်းတစ်ဦးအပါအဝင် စီးပွားရေးပညာရှင်အများအပြားက ပြီးခဲ့သည့်လက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင်ကျင်းပသော BRICS ထိပ်သီးအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာဈေးကျဆင်းလာသော်လည်း စက်သုံးဆီဈေး အမြင့်ပိုင်းမှာဘဲရပ်တည်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း