ကားမောင်းစဉ် ဖုန်းအသုံးပြုပါက ဒဏ်ငွေသုံးသောင်းကျပ် ပေးဆောင်ရမည်
NSS - စက်တင်ဘာ ၅
ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် Quick Win စီမံချက်ကို ဆောင် ရွက်လျက်ရှိရာ မော်တော်ယာဉ်စီမံခန်ခွဲမှု ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Quick Win စီမံချက်အရ ကားမောင်းစဉ် ဖုန်းအသုံးပြုပါက ဒဏ်ငွေ သုံးသောင်းကျပ်၊ ဆိုင်ကယ်စီးနင်းရာတွင် အရေအသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဒဏ်ငွေကျပ်သုံးသောင်း၊ ယာဥ်မောင်းနေစဥ် အသက် ကယ်ခါးပတ် အသုံးမပြုပါက ဒဏ်ငွေကျပ်သုံးသောင်း၊ မူးယစ်သောက်စား၍ မောင်းနှင်ပါက ဒဏ်ငွေကျပ်တစ်သိန်း၊ သတ်မှတ်ထားသည့် အရှိန်ထက် ကျော် လွန်မောင်းနှင်ပါက ဒဏ်ငွေကျပ်တစ်သိန်းတို့ကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်မှာဆိုရင်တော့ ယာဉ်ထိန်းရဲတွေဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့တွေနဲ့ ကားတွေကို စစ်ဆေးတာတွေလုပ်လိမ့်မယ်၊ နယ်ဘက်တွေမှာတော့ ဆိုင်ကယ်တွေကို အဓိကစစ်ဆေးမှာဖြစ်ပြီး မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တွေက စစ်ဆေးပါလိမ့်မယ်"ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ အစီအစဉ်အား ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ပညာပေးကာလသတ်မှတ်ကာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အတွက် ယခု စက်တင်ဘာလ ၁ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Quick Win စီမံချက်ကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှု ပိုမိုနည်းပါးလာနိုင်သော်လည်း မြင့်မားသည့်ဒဏ်ကြေးများကြောင့် လူထုအကြား အခက်အခဲဖြစ်နိုင်ကြောင်းလည်း ပြောဆိုမှုများရှိသည်။
ယာဉ်အန္တရာယ်ဖြစ်ပွားမှု စစ်တမ်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆဖြစ်ပွား၍ တစ်ရက်လျှင် လူ ၁၄ ဒသမ ၈ ဦးနှုန်း သေဆုံးလျက်ရှိကာ အဆိုပါ အရေအတွက်သည် အရှေ့တောင်အာရှနိုင်ငံများအနက် စတုတ္ထအများဆုံးအဆင့်ကို ရောက်ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ဖော်ပြချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း နိုင်ငံတစ်ဝန်း၌ ယာဉ်တိုက်မှု ၂၅၆၆ မှုဖြစ်ပွားခဲ့ကာ လူ ၁၃၀၀ ကျော်သေဆုံးခဲ့ပြီး ၃၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း