မူဆယ်မြို့မှတစ်ဆင့် တရုတ်ဘက်သို့ (၇)ရက်တာ သွားရောက်လည်ပတ်နေထိုင်ခွင့်ရရှိမည့် တစ်ခါသုံးကတ်များကို ယနေ့စတင်ထုတ်ပေး
NSS - စက်တင်ဘာ ၄
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (၇)ရက်တာ သွားရောက်လည်ပတ်နေထိုင်ခွင့်ရရှိမည့် တစ်ခါသုံးကတ်များကို ယနေ့မှစ၍ ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းတစ်ခါသုံးကတ်(TBP)ကို ယနေ့(စက်တင်ဘာလ ၄ ရက်)၊ နေ့လည် ၁၂ နာရီမှစတင်ကာ မြန်မာ-တရုတ်နယ်စပ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့တွင် ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“၁၂ နာရီမှာစပြီးလုပ်ပေးတယ်။ လူမျိုးမခွဲခြားဘူး။ ပြီးရင် တိုင်းနဲ့ပြည်နယ်မခွဲခြားဘူး မှတ်ပုံတင်မူရင်းရှိတဲ့သူဖြစ်ရမယ်။ စာအုပ်ခက(၅၀၀)၊ ဖြတ်သန်းခက(၅၀၀)၊ တရားဝင်ကတော့(၁၀၀၀) ကျတယ်။ (၆)ညအိပ် (၇)ရက်ရတယ်။ ရွှေလီအထိပဲ သွားလို့ရမယ်။ (၆)ညအိပ်ပြီးရင် ပြန်ထွက်လာရမယ်။ ပြီးရင် ပြန်ဝင်ချင်တယ်ဆိုရင် ပြန်တန်းစီရမယ်။ ကတ်ပြန်လုပ်ပြီးတော့မှ ပြန်ဝင်လို့ရမယ်။ ဒီနေ့ဝင်သွားတယ် ဒီနေ့ပြန်ထွက်လာရင်လည်း အဲဒီကတ်က သိမ်းမှာပဲ ပြန်ဝင်လို့မရတော့ဘူး။ တစ်ခါသုံးကတ်လို့ အဲဒါကြောင့် ခေါ်တာပါ” ဟု ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
၎င်းကဲ့သို့ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် စာအုပ်ဖိုး (၅၀၀)ကျပ်နှင့် ဖြတ်သန်းခ (၅၀၀) ကျပ် စုစုပေါင်း (၁၀၀၀)ကျပ် ကုန်ကျမှုရှိကြောင်း သိရသည်။
လက်ရှိတွင် တစ်ခါသုံးကတ်ပြုလုပ်ရန်အတွက် နယ်စပ်ဂိတ်များ၌ တန်းစီစောင့်ဆိုင်နေသူများ အများအပြားရှိကြောင်း ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်မြို့)မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
“ဂိတ်သုံးပေါက်စလုံးမှာ ဝင်၊ ထွက်ခွင့်ရှိပါတယ်။ ကိုဗစ်မတိုင်ခင်ကတော့ ဒီတိုင်းပဲခွင့်ပြုတယ်။ ကိုဗစ်ကာလကနေ စပြီးတော့ မနေ့ကအထိကို ပိတ်ထားတယ်။ ဒီနေ့(၁၂)နာရီကမှ စဖွင့်ပေးတာ။ အခုလိုပဲ နိုင်ငံသားတွေအတွက် ခွင့်ပြုပေးတာ နိုင်ငံသားတွေ ကိုယ်စားဝမ်းသာပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။
ထိုသို့ မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို ဖွင့်လှစ်ပေးမှုနှင့်အတူ တရုတ်နိုင်ငံသား ခရီးသွားများသည်လည်း နိုင်ငံအတွင်း ဝင်ရောက်လာနိုင်ဖွယ်ရှိသည့်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် နစကတာဝန်ရှိသူများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အသိပေးပြောကြားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၄ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းအချို့
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း