မြောင်းမြမြို့၌ ကားနှင့်ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၃
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကုမ္ပဏီကားနှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အေးမြဖြူစင်(ဇီဝိတဒါန) သွေးအလှူရှင်အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂ရက်)၊ ညနေ ၄ နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ ကညင်ကိုင်းကျေးရွာအကွေ့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်တာတော့ဘယ်လိုကြောင့်တိုက်လဲဆိုတာတော့ မသိဘူး။ ကားနဲ့ဆိုင်ကယ်က ကညင်ကိုင်းရွာအကွေ့က ညောင်ပင်ကြီးအောက်မှာ တိုက်ကြတာပါ” ဟု အေးမြဖြူစင်(ဇီဝိတဒါန)သွေးအလှူရှင်အသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၂၅)ဝန်းကျင် ဆိုင်ကယ်ယာဉ်မောင်းနှင်သည့် အမျိုးသားသည် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကားပေါ်မှ အမျိုးသားတစ်ဦး လက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကားကတော့ ကုမ္ပဏီကားပါ။ ဘယ်လိုဖြစ်ပြီးကားမှောက်သွားလဲတော့ မသိရပါဘူး။ တိုက်တော့ ဆိုင်ကယ်သမားက ပွဲချင်းပြီးဆုံးတယ်။ ပြီးတော့ကားပေါ်က တစ်ယောက်က လက်ကျိုးသွားတယ်ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သည့် အမျိုသားနှင့် ဒဏ်ရာရှိသူတို့အား မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့နှင့် ရုရှားကြား တိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန် နီးကပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသံအမတ် သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း