အီရတ်မှာ အမေရိကန်နိုင်ငံသားကို သတ်ဖြတ်မှုအတွက် အီရန်နဲ့အီရတ်နိုင်ငံသား လေးဦးကို ထောင်ဒဏ်တစ်သက်ချမှတ်
ရောင်နီ (NSS) - စက်တင်ဘာ ၂
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ ၂၀၂၂ ခုနှစ်က အမေရိကန် နိုင်ငံသား စတီဖင်ထရိုလီကို သတ်ဖြတ်မှုအတွက် အီရန်အမျိုးသားတစ်ဦးနဲ့ အီရတ်နိုင်ငံသား လေးဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီဖြစ်ပါတယ်။
အဆိုပါ စီရင်ချက်ကို အမေရိကန်ရဲ့လက်ခံကြိုဆိုမှုနဲ့ အီရတ်တရားရုံးမှာ ကြာသပတေးနေ့ (သြဂုတ်လ ၃၁ ရက်)က စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ထရိုလီ အသတ်ခံရပြီး မကြာမီမှာပဲ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်သူ အားလုံးကို အီရတ်မှာဖမ်းမိခဲ့ပါတယ်။ ထရိုလီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်ပေးဆွဲခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ ၎င်းတို့မိသားစုနဲ့အတူ ဘဂ္ဂဒက်မှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းဟာ ဘဂ္ဂဒက်မြို့ ၊ ကာရာဒါစျေးဝယ်ခရိုင်မှာ ကားမောင်းနေစဉ်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ အခုတရားခံ အမျိုးသားတွေကလည်း လူသတ်မှုအတွက်ဝန်ခံခဲ့ပြီး ထရိုလီကို ပြန်ပေးဆွဲဖို့ စီစဉ်ခဲ့ကြတာဖြစ်ပေမယ့် မရည်ရွယ်ပဲ ပစ်သတ်မိခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ တရားရေးသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက စီရင်ချက်ကို လက်ခံကြိုဆိုခဲ့ပါတယ်။ "မစ္စတာ ထရိုလီကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေ အားလုံးတရားမျှတမှုရှိစွာ တာဝန်ခံဖို့ အရေးကြီးတယ်"လို့ ပြောရေးဆိုခွင့်ရှိသူ မက်သော်မီလာက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ အီရတ်က ISIL (ISIS) လက်နက်ကိုင်အဖွဲ့ကို အောင်နိုင်ကြောင်းကြေညာပြီးကတည်းက အီရတ်နိုင်ငံမှာ လုံခြုံရေးအခြေအနေ ပိုမိုကောင်းမွန်လာခဲ့ပေမယ့် အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခေါက်ရွှေအလေးချိန်ကို ဗဟိုဘဏ်စံချိန် တစ်ကျပ်သား (၁၂၆)ရွေးအဖြစ် ပြောင်းလဲသတ်မှတ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း