တရုတ်၏ ဗုံးကြဲလေယာဉ်များကို ခြေရာခံစောင့်ကြည့်ရန်အတွက် ဂျပန်တိုက်လေယာဉ်များကိုစေလွှတ်
Pika (NSS) - ဩဂုတ် ၂၆
ဂျပန်အစိုးရသည် အိုကီနာဝါကျွန်း နှင့် ထိုင်ဝမ်ကျွန်းတို့တွင် တရုတ်၏ ဗုံးကြဲလေယာဉ်များနှင့် ဒရုန်းများကို ခြေရာခံစောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းအေဂျင်စီကဖော်ပြခဲ့သည်။
ဒေသတွင်းတွင် တင်းမာမှုများဆက်လက်မြင့်တက်နေချိန်အတွင်း ဂျပန်ဘက်က ယခုကဲ့သို့တိုက်လေယာဉ်များ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်၏ H-6 အမျိုးအစား ဗုံးကြဲလေယာဉ်နှစ်စင်းသည် အိုကီနာဝါနှင့် မီယာကိုကျွန်းများကြားတွင် ရှိသော ရေလက် ကြားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ အိုကီနာဝါသည် အာရှ-ပစိဖိတ်ဒေသတွင် အကြီးဆုံးအမေရိကန်စစ်စခန်းဖြစ်သော Kadena လေတပ်စခန်းအခြေစိုက်သည့်နေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် တရုတ်၏ BZK-005 အမျိုးအစားဒရုန်းနှင့် ဂျပန်အနောက်ဖက်စွန်းရှိ Yonaguni ကျွန်းနှင့် ထိုင်ဝမ်ကြားတွင် ပျံသန်းနေသော တရုတ်က စေလွှတ်ထားသည်ဟု ယူဆရသည့် နောက်ထပ်ဒရုန်းတစ်စင်းတို့ကို စောင့်ကြည့်ရန် တိုက်လေယာဉ်များကို စေလွှတ်ထားကြောင်း ဂျပန်စစ်တပ်ကပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်၏စစ်လေ ယာဉ်(၃၂)စင်းနှင့် စစ်သင်္ဘော(၉)စီးတို့ကို ဩဂုတ်လ(၂၆)ရက်၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ J-10 အမျိုးအစား (၈)စင်းနှင့် Su-30 အမျိုးအစား(၂) စင်း အပါအဝင် တိုက်လေယာဉ်အစီးရေ(၂၀)ခန့်သည် ထိုင်ဝမ်ရေလက်ကြား၏ နယ်နမိတ်မျဉ်းကို ဖြတ်ကျော်ကာ ကျွန်း၏လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထိုင်ဝမ်သည် အခြေအနေများကို စောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို အဆင်သင့်အနေအထားဖြင့်ထားရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ တရုတ်၊ ထိုင်ဝမ် နှင့် ဂျပန်နိုင်ငံတို့ကြားတွင် စီးပွားရေးနှင့်စစ်ရေးအရ တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ(၂၁)ရက်တွင် တရုတ်အစိုးရသည် အစားအစာဘေးကင်းရေးပြဿနာများကို ကိုးကားပြီး ထိုင်ဝမ်မှ သရက်သီးတင်သွင်းမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းသိရသည်။ အလားတူ ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်ခဲ့သည့် ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုများကိုလည်း ပိတ်ပင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS အဖွဲ့အနေဖြင့် အနောက်အုပ်စုနိုင်ငံများကို ကြိုဆိုမည်မဟုတ်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း