အိန္ဒိယနိုင်ငံတွင် ဆောက်လုပ်ဆဲ မီးရထားလမ်းတံတားတစ်စင်း ပြိုကျခဲ့ပြီး အနည်းဆုံး လူ(၁၇)ဦး သေဆုံး
Pika (NSS) - သြဂုတ် ၂၃
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sairang မြို့အနီးတွင် ဆောက်လုပ်ဆဲ မီးရထားလမ်းတံတားတစ်စင်း ပြိုကျမှုကြောင့် အလုပ်သမား အနည်းဆုံး(၁၇)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဩဂုတ်လ(၂၃)ရက် နံနက်(၁ဝ) နာရီအချိန်တွင် Aizawl မြို့မှ (၂၁)ကီလိုမီတာ အကွာခန့်တွင် ရှိသော တံတားတည်ဆောက်သည့်နေရာတွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အပျက်အစီးများအောက်တွင် အလုပ်သမားများ ပိတ်မိနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲအရာရှိ တစ်ဦးက "ဒီအချိန်အထိ အပျက်အစီးတွေအောက်ကနေ ရုပ်အလောင်း(၁၇)လောင်း ဆယ်ယူရရှိထားပြီး လူအများအပြားက ပျောက်ဆုံးနေဆဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
မတော်တဆမှုဖြစ်ပွားသည့်အချိန်တွင် အဆိုပါတံတားမှာ အလုပ်သမား(၄ဝ) မှ (၅ဝ)ခန့် အလုပ်လုပ်နေကြပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တရားဝင် အချက်အလက်အတိအကျကို မီးရထားဌာနမှ ထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် Sairang မြို့ရှိ Young Mizo Association ဌာနခွဲသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက "မီဇိုရမ်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မီးရထားလမ်းတံတားပြိုကျမှုကြောင့် ဝမ်းနည်းမိပါတယ်။ ချစ်ခင်ရသူတွေ ကို ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းပေးပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်း တွေ ဆက်လက်လုပ်ဆောင်နေပြီး တတ်နိုင်သမျှအကူအညီတွေလည်း ပေးနေပါတယ်။ ဒီမတော်တဆမှုအတွင်းမှာ သေဆုံးသူတွေရဲ့မိသားစုတွေကို နစ်နာကြေးအဖြစ် ရူပီး(၂)သိန်းစီ ပေးအပ်သွားမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ကိုတော့ ရူပီး(၅)သောင်းစီ ပေးအပ်သွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ဆန်လက်ကျန် တန်ချိန်(၃)သန်းခွဲကျော်ရှိ၍ ဖူလုံကြောင်းနှင့် ကြီးမြင့်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် အစီအမံများလုပ်နေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း