နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ လူစည်ကားတဲ့ ဗလီတစ်ခုပြိုကျမှုကြောင့် ဝတ်ပြုသူ(၇)ဦးသေဆုံး
ရောင်နီ (NSS) - ဩဂုတ် ၁၂
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာဒူနာပြည်နယ် ဇာရီယာမှာ သောကြာနေ့ (သြဂုတ်လ ၁၁ ရက်)က လူစည်ကားတဲ့ ဗလီတစ်ခုပြိုကျမှုကြောင့် လူခုနစ်ဦးသေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
မြို့ရဲ့ဗဟိုဗလီလည်းဖြစ်တဲ့ အဆိုပါ အဆောက်အအုံဟာ သောကြာနေ့မွန်းလွဲပိုင်းက ဝတ်ပြုသူရာနဲ့ချီ ဝတ်ပြုဆုတောင်းနေစဉ်မှာ ပြိုကျခဲ့တာဖြစ်တယ်လို့ Zaria Emirate Council ပြောရေးဆိုခွင့်ရှိသူ အက်ဒူလာဟိကွာဘိုင်က ပြောကြားပါတယ်။
“စစဖြစ်ချင်း ရုပ်အလောင်း လေးလောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေပြီးတဲ့နောက်မှာ နောက်ထပ် အလောင်းသုံးလောင်း တွေ့ရှိခဲ့တယ်လို့ ၎င်းကပြောပါတယ်။ အဆိုပါ ဗလီဝတ်ကျောင်းတော်ဟာ ၁၈၃၀ ခုနှစ်တွေက တည်ဆောက်ခဲ့တဲ့ အဆောက်အဦးဖြစ်ပြီး နှစ်ကြာမြင့်ခြင်းကြောင့် ဆွေးမြေ့ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ၂၃ ဦးကို ဆေးရုံတင်ထားတယ်"လို့ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားပါတယ်။
အခင်းဖြစ်ပွားရာနေရာမှ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ အဆောက်အဦး အမိုးရဲ့အစိတ်အပိုင်းတစ်ခုပြိုကျခဲ့ပြီး ဟောင်းလောင်းပေါက်ဖြစ်နေတာ မြင်တွေ့ရပါတယ်။ ကာဒူနာ ပြည်နယ်အုပ်ချုပ်ရေးမှူး အာဘာဆာနီက ဖြစ်ရပ်ကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပြီး ထိခိုက်သူတွေကို ကူညီဖို့ ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း နိုင်ငံမှာ အဆောက်အအုံတစ်ဒါဇင်ကျော်ခန့် ပြိုကျခဲ့ဖူးပါတယ်။
အာဏာပိုင်တွေက အဆောက်အဦး ဘေးကင်းရေး စည်းမျဉ်းတွေ ပြဋ္ဌာန်းဖို့နဲ့ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး စံချိန်မမီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကြောင့် ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း