အသက် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သုံးရေခပ်ရာမှ ရေတွင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု အောင်ပန်းမြို့နယ်တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၉
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်တွင် အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး ရေတွင်းတစ်ခု၌ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးမှုသည် ယနေ့ (ဩဂုတ်လ ၉ ရက်) နံနက် ၁၀နာရီခွဲအချိန်တွင် ကလောမြို့နယ်၊ အောင် ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ နယ်မြေ(၃)သံလမ်းအနီး၊ ခြံတစ်ခုအတွင်းရှိ ရေတွင်း၌ ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။
“သူ့မိဘတွေ မရှိချိန်ပေါ့နော်။ ရေတွင်းကသူများခြံထဲကရေတွင်းဗျ။ အဲဒီရေတွင်းက ဘေးကအကာတွေလဲမရှိတော့ ရေခပ်နေရင်းက ခြေချော်ပြီးပြုတ်ကျတာပေါ့” ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူသည် မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက်(၁၁)အရွယ် မောင်အောင်ရဲလင်းဖြစ်ပြီး သုံးစွဲရေခပ်နေချိန်ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမတော့ ရပ်ကွက်လူထုနဲ့နာရေးအဖွဲ့တွေရှာတော့မတွေ့ဘူးဗျ။ အဲဒါနဲ့ မီးသတ်ကိုခေါ်ပြီးတော့ အကုန်ပေါင်းပြီးရှာတော့မှ ၁၁နာရီ ၁၀မိနစ်မှာ တွေ့တယ်။ ရေတွင်းကပေ(၂၀)လောက်တော့နက်မယ်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းဖြစ်စဉ်မှ ရေနစ်သေဆုံးသွားခဲ့သော မောင်အောင်ရဲလင်းအား အောင်ပန်းမြို့ နာရေးလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၉ ရက်အတွင်း စိတ်ဝင်စားဖွယ် သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း