အမေရိကန်မှာ အမျိုးသမီးတစ်ဦး ရေအဆိပ်သင့်ပြီး သေဆုံး
ရောင်နီ (NSS)- ဩဂုတ် ၅
အမေရိကန်နိုင်ငံမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မိနစ် ၂၀ ခန့်အတွင်း ရေနှစ်လီတာသောက်ပြီးနောက် ရေအဆိပ်သင့်ကာ သေဆုံးသွားခဲ့တယ်လို့ အမေရိကန်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရကြောင်း straitstimes သတင်းဌာနက ဩဂုတ်လ ၄ ရက်က ရေးသားခဲ့ပါတယ်။
အရှေဆမ်းမား အမည်ရှိ အမေရိကန် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်က အင်ဒီရာနာပြည်နယ်ရှိ Lake Freeman ရေကန်မှာ ခင်ပွန်း၊ သမီး ၂ ယောက်နဲ့အတူ အားလက်ရက် ပျော်ပွဲစားထွက်လာချိန်မှာ ရေဆာလာတာကြောင့် မိနစ် ၂၀ အတွင်း ရေ ၂ လီတာခန့် သောက်သုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူမဟာ ခေါင်းကိုက်ဝေဒနာခံစားလာရပြီး အိမ်ရဲ့ကားဂိုဒေါင်ထဲမှာ မေ့မျောနေခဲ့ပါတယ်။ အဲဒီနောက် သူမကို အင်ဒီရာနာ၊ လာဖရက်ရှိ IU Health Arnett ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သတိပြန်လည်လာခြင်း မရှိခဲ့ဘဲ သေဆုံးသွားခဲ့ပါတယ်။
သူမသေဆုံးရခြင်း အကြောင်းရင်းဟာ ရေအဆိပ်သင့်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ကောက်ချက်ချပါတယ်။ IU Health မှ အဆိပ်ဗေဒပညာရှင် ဒေါက်တာ ဘလိတ်ဖရိုဘက်က ရေအဆိပ် သင့်မှု ခံစားရသူတစ်ဦးဟာ ယေဘုယျအားဖြင့် နေမကောင်းဖြစ်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်း၊ နာကျင်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းကိုက်ခြင်းစတဲ့ လက္ခဏာတွေခံစားရနိုင်ပြီး ဒီလိုအခြေအနေမျိုးက ရှားပေမယ့် နွေရာသီနေ့လည်ခင်း အချိန်မှာ အပြင်မှာ အလုပ်လုပ်ခြင်း၊ ဒါမှမဟုတ် လေ့ကျင့်ခန်း အချိန်ကြာကြာ လုပ်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Mayo Clinic ရဲ့အဆိုအရ သွေးထဲမှာ ဆိုဒီယမ်ပါဝင်မှု ပုံမှန်မဟုတ်ဘဲ နည်းပါးနေချိန်မှာ ရေဓာတ်ပမာဏ မြင့်တက်လာခြင်းဟာ hyponatremia ဖြစ်နိုင်ပြီး ဆဲလ်တွေ ဖောရောင်ကာ ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ကြောင်း၊ အဆိုပါ ရောင်ရမ်းမှုဟာ အပျော့စားကနေ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ များစွာ ဖြစ်စေနိုင်ကြောင်းဆိုပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ ရာသီတွေမှာ ရေကိုတစ်ခါ တည်း များများသောက်ခြင်းမျိုးကို ရှောင်ကြဉ်ဖို့ ကျန်းမာရေးဌာနတွေက အကြံပြုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီတိုင်း၌ တစ်ရက်လျှင်ဆီပိဿာချိန် (၁၂၀၀၀) ထွက်ရှိမည့် ဆီချောစက်ရုံ တည်ဆောက်ရန် စီစဥ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း