ဆေးဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များကို စစ်ဆေးစရာရှိသည်ဟုပြောဆိုကာ လက်ပြန်ကြိုးတုတ်ပြီးနောက် ဓါးပြတိုက်လုယက်မှု မန္တလေး၌ဖြစ်ပွား
NSS - ဇူလိုင် ၂၅
ဆေးဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များကို စစ်ဆေးစရာရှိသည်ဟုပြောဆိုကာ လက်ပြန်ကြိုးတုတ်မှောက်ခိုင်းပြီးနောက် ဓါးပြတိုက်လုယက်မှု မန္တလေးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓါးပြတိုက်မှုဖြစ်စဉ်သည် ယမန်နေ့(ဇူလိုင်လ ၂၄ ရက်)၊ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၄ x ၂၅လမ်းကြား၊ ၆၂ လမ်းရှိ ဂျီဝမ်းဆေးဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
ဂျီဝမ်းဆေးဆိုင် ပိုင်ရှင်ဖြစ်သူ ဦးဂျီဝမ်းနှင့် မိသားစုဝင်များသည် ဆိုင်သိမ်းနေစဉ်အချိန်တွင် ဆိုင်ရှေ့သို့ Honda Fit အဖြူ ရောင်ကားတစ်စီး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းကားပေါ်မှ အမျိုးသား(၅)ဦးသည် သေနတ်အရှည်၊ သေနတ်အတိုများ ကိုင်ဆောင်ကာ ဆေးဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သေနတ်များဖြင့် ခြိမ်းခြောက်ကာ မလှုပ်နဲ့၊ လှုပ်ရင်သတ်ပစ်မယ်၊ စစ်ဆေးစရာရှိကြောင်းပြောဆိုကာ လက်ပြန်ကြိုးတုတ်မှောက်ခိုင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ မှောက်ခိုင်းပြီးနောက်ပိုင်းတွင် အမျိုးသား(၅)ဦးသည် ဈေးဆိုင်အတွင်းရှိ အံဆွဲအတွင်းမှ ငွေကျပ်သိန်း (၃၀၀)ခန့် နှင့် နေအိမ်အပေါ်ဆုံးထပ်ရှိ ဘုရားစင်အောက်မှ ငွေကျပ်သိန်း (၅၀၀)ခန့်တန်ဖိုးရှိသော ရွှေထည်လက်ဝတ်ရတနာများကို ဓါးပြတိုက်ယူဆောင်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြော သည်။
ထို့ပြင် ဓါးပြတိုက်သူများသည် နေအိမ်ဆေးဆိုင်အတွင်း၌ တပ်ဆင်ထားသည့် CCTV Hard Disk များကိုလည်း ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခကာလများအတွင်း ဓါးပြတိုက်မှုဖြစ်စဉ်များသည် မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အများစုသည် ရွှေဆိုင်များကိုသာ ပစ်မှတ်ထားကာ ဓါးပြတိုက်လျက်ရှိကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဏိပူရပြည်နယ်သို့ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇ဝဝ ကျော် ကျူးကျော်ဝင်ရောက်လာကြောင်း အိန္ဒိယပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း