ဘုတလင်မြို့ပေါ်သို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး ကျောင်းသားနှင့် နိုင်ငံ့ဝန်ထမ်း (၁၁)ဦး ထိခိုက်
NSS - ဇူလိုင် ၁၈
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်သို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး ကျောင်းသားနှင့် နိုင်ငံ့ဝန်ထမ်း (၁၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့(ဇူလိုင် ၁၇ ရက်) နံနက် ၉ နာရီမှ ၁၀ နာရီခွဲအချိန်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၂၀၀)ဦးဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ စိုက်ပျိုးခဲ့ပြီးနောက် မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ်အချိန်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၏ မြောက်ဘက်နှင့်တောင်ဘက်တို့မှ (၂)ဖွဲ့ခွဲကာ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် PDF များက ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။
အထက်ပါကဲ့သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုတလင်မြို့အတွင်းရှိ နေရာအနှံ့အပြားသို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပါဝင်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦးသေဆုံးခဲ့ကာ အသက်(၁၀)နှစ်အောက် ကလေးငယ် (၃)အပါအဝင် (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီးကျောင်း၏ တံခါးမှန်အချို့သည်လည်း ပျက်စီးမှုများရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဘုတလင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အထက်ပါကဲ့သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော PDF များကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း နစကမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CDM မလုပ်သော မြစ်ငယ်မြို့ရှိ ဆေးရုံအုပ်ကြီးကို ဒေါက်တာဇော်ဝေစိုး၏ ခိုင်းစေမှုဖြင့် သတ်ဖြတ်ခဲ့သည့် PDF (၄)ဦးကို ဖမ်းဆီးရမိဟု နစက ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း