လားရှိုးမြို့မဈေး၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားပြည်သူ (၁၂)ဦး ထိခိုက်ဒဏ်ရာရ
NSS - ဇူလိုင် ၁၅
ရှမ်းပြည်နယ်၊ လားရှိုးမြို့မဈေး၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားပြည်သူ (၁၂)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၅ ရက်)၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်အရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
“ပေါက်ကွဲမှု ဖြစ်တာက မှန်ပါတယ်။ ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ပေါက်ကွဲမှုဖြစ်သွားတာပါ။ ရွှေဆိုင်ဝန်ထမ်းတွေ၊ ဈေးသွားဈေးလာတွေက (၁၂)ဦးလောက် မိုင်းစတွေ ထိမှန်ဒဏ်ရာရသွားတာ ရှိပါတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဇွဲထက်ရွှေဆိုင်မှ ဆိုင်ဝန်ထမ်းများအပါအဝင် ဈေးသွားဈေးလာ အရပ်သားပြည်သူ (၁၂) ဦးထက်မနည်း မိုင်းစထိမှန်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထပ်မံသိရှိရသည့်သတင်းအချက်အလက်များအရ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူ (၁၂)ဦးအနက် အမျိုးသား(၂)ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း လားရှိုးမြို့ခံများက NP News ကို ဆက်သွယ်ပြောဆိုထားသည်။
“ဆိုင်ကယ်ထဲမှာ ဗုံးထည့်ထားတာ။ တစ်လုံးက ပေါက်ပြီးတော့ နောက်တစ်လုံးက မပေါက်ဘူး။ မပေါက်တဲ့ဗုံးကို လာဖြုတ်သွားတာရှိတယ်။ အဲဒီဈေးက ည ၇ နာရီ၊ ၈ နာရီလောက်ကတည်းက နယ်ဘက်ကနေ ကားတွေ၊ ဆိုင်ကယ်တွေ မနက် ဈေးရောင်းဖို့အတွက် လာတဲ့သူတွေ ရှိတယ်။ တစ်ညလုံးက အဲဒီလမ်းဘေးမှာပဲ အိပ်ကြတာပေါ့။ အဲဒီမှာ ဆိုင်ကယ်က ဘယ်သူ ရပ်လို့ရပ်သွားမှန်း မသိဘူး။ ဆိုင်ကယ်ထဲကနေ ပေါက်ကွဲသွားတာပေါ့” ဟု လားရှိုးမြိုခံတစ်ဦးက ဆိုသည်။
အဆိုပါပေါက်ကွဲမှုကြောင့် သာမန်လက်လုပ်လက်စား ဝန်ထမ်းများသာ အများဆုံးထိခိုက်မှုရှိခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်းလည်း လားရှိုးမြို့ခံများက ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၀န်ကြီးချုပ် မဲခွဲမှုတွင် အရေးနိမ့်ပြီးနောက် ထိုင်းအထက်လွှတ်တော်၏ အခွင့်အာဏာကို တားဆီးရန် MFP ပါတီ ကြိုးပမ်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း