PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှဒေသခံ(၁၅)ဦး သေဆုံးဟု နစကထုတ်ပြန်
NSS - ဇူလိုင် ၆
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ကျေးရွာတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဒေသခံ(၁၅)ဦး သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇူလိုင်လ(၅)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၌ ဇူလိုင်လ(၅)ရက်၊ နံနက်(၄)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေတွင်းကျေးရွာအတွင်းသို့ PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ကျေးရွာ၏ အရှေ့တောင်ဘက်မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လက်လုပ်စိန်ပြောင်းများ၏ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ(၁၅)ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး သံဃာတော်(၃)ပါး နှင့် ပြည်သူ(၄)ဦး စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသမှုခံယူရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မုံရွာမြို့ရှိတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ငွေတွင်းကျေးရွာဖြစ်စဥ်နှင့် ပတ်သက်၍ PDF ပူးပေါင်းအဖွဲ့များက ကျေးရွာအတွင်း၌ အခြေချထားသည့် ရဲစခန်းကို လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံ(၁၅)ဦးအား ပျူစောထီးဟု စွပ်စွဲကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ငွေတွင်းကျေးရွာ ဒေသခံတစ်ဦးက NP News ကို ဆက်သွယ်ပြောဆိုထားသည်။
“ငွေတွင်းဆိုတဲ့ရွာက ပျူစောထီးတွေရှိတယ်။ ရွာလယ်မှာပျူစောထီးစခန်းရှိတယ်၊ ရဲကလည်း အင်အားဖြည့်ထားတယ်။ အဲဒါကို PDF တွေလာတိုက်တယ်။ ပစ်ကြခတ်ကြတွေဖြစ်တယ်။ ပြန်ဆုတ်သွားတဲ့အခါမှာ ရွာထဲက လူ(၄)ယောက်သတ်သွားတယ်။ တိုက်ပွဲဖြစ်လို့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတဲ့ လူ(၁ဝ) ယောက်နဲ့ ကိုရင်တစ်ပါးကိုလည်း သတ်ပြီးပြန်သွားကြတယ်” ဟု ငွေတွင်းကျေးရွာ ဒေသခံတစ်ဦး က NP News ကိုပြောသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များတွင် လက်လုပ်စိန်ပြောင်း အပါအဝင် ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များသည် ယနေ့အထိ ဖြစ်ပွားလျက်ရှိပြီး အဆိုပါဖြစ်စဥ်များကြောင့် သေဆုံးခဲ့မှုများသည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးစတစ်ဖက် ရေမှုတ်တစ်ဖက် - အမေရိကန်ရဲ့ တရုတ်ရေးရာဗျူဟာ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း