ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးရှေ့နေရာများ၌ ညအချိန် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိ
NSS - ဇူလိုင် ၅
ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးရှေ့နေရာများ၌ ညအချိန် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
၎င်းကဲ့သို့ ပေါက်ကွဲမှုများဖြစ်စဉ်များသည် ယမန်နေ့(ဇူလိုင်လ ၄ ရက်) ညအချိန်တွင် ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ည ၉ နာရီကျော်အချိန်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၁)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်မှတ်ပုံတင်ဌာနခွဲရုံး၏ ခြံဝန်းအပြင်ဘက်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်းထိခိုက်မှု မရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားခဲ့သော နေရာအနီး၌ မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်မိုင်း (၂)လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့သည့်အတွက် သက်မဲ့ပြုလုပ်ကာ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ရှင်းလင်းပေးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁ဝ) ရပ်ကွက်၊ သစ္စာလမ်းရှိ မြို့နယ်တရားရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ဆိုထားသည်။
ထို့ပြင် မြို့နယ်တရားရုံးရှေ့၌ ပထမအကြိမ် ပေါက်ကွဲမှုအပြီး မိနစ် (၃ဝ)ခန့်အကြာတွင် ပေါက်ကွဲမှုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သော်လည်း ၎င်းဖြစ်စဉ်များအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်များက ဆိုထားသည်။
ထို့အတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းဘေးရှိ လှိုင်သာယာရဲစခန်းအနီးတွင်လည်း ယမန်နေ့ ည ၉ နာရီကျော်အချိန်တွင် လက်လုပ်မိုင်း(၁)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။
ထို့ပြင် ယမန်နေ့ ည ၉ နာရီကျော်အချိန်တွင်လည်း ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၁)ရပ်ကွက်၊ ဝင်္ဂဘာလမ်းရှိ မြို့နယ်လဝကရုံး ရှေ့၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပြီး သန်လျင်မြို့နယ်အတွင်း၌လည်း ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယမန်နေ့ ညပိုင်းအချိန်များတွင် ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးရှေ့နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများက ဆိုထားသည်။
အထက်ပါပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ Anonymous Fighters Force-AFF မှ ဦးဆောင်ကာ အခြားသောအဖွဲ့များနှင့်ပူးပေါင်းပြီး ဗုံး (၁၂)လုံး အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရှိ ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း