အမေရိကန်အကြွေးနဲ့ ရွှေစျေး အချိတ်အဆက် (ဘာသာပြန်ဆောင်းပါး)
မောင်သံလွင် (NSS) - ဇူလိုင် ၃
ရွှေဟာ တန်ဖိုးတရပ်ရပ်ကို သိုမှီးထားတဲ့အရာအဖြစ် လူတွေအသိအမှတ်ပြုထားခဲ့ကြတာကြာပါပြီ။ ဒါကြောင့်လည်း စီးပွားရေးက မရေမရာ မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ရွှေကို အရန်အတားအဖြစ် အန္တရာယ်ကို ရှောင်ကွင်းရာ၊ ကွန်းခိုရာအဖြစ် သဘောထားလာခဲ့ကြပါတယ်။
ဒီလို လူအများအပြားက လက်ခံလုပ်ဆောင်လာကြတာက ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင်က အမေရိကန်ဒေါ်လာကို ရွှေနဲ့ လဲနှုန်းသတ်မှတ်ထားတဲ့ ရွှေစံချိန်စနစ် ပယ်ဖျက်လိုက်တဲ့ မဟာပေါက်ကွဲမှုကြီး ‘ The big bang’ ဖြစ်တဲ့အချိန်က စခဲ့တာဖြစ်နိုင်ပါတယ်။ ရွှေစံချိန်စနစ်အောက်မှာ ဒေါ်လာရဲ့တန်ဖိုးက ရွှေတန်ဖိုးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက် ဒေါ်လာကို အချိန်မရွေး ရွှေနဲ့ ဖလှယ်ယူလို့ရပါတယ်။ ရွှေစံချိန်စနစ်ကို ဖျက်သိမ်းလိုက်တာရယ်၊ အမေရိကန်အစိုးရက အကြွေးယူနိုင်တဲ့အများဆုံးပမာဏ debt ceiling သတ်မှတ်ချက်ထားရှိတာရယ်က ငွေကြေးအပေါ် အခြေခံတဲ့ ယုံကြည်မှုကို တည်ဆောက်တာဖြစ်ပါတယ်။ အဲဒီယုံကြည်မှုကို နိုင်ငံတကာ ဆီကရရှိပြီးတဲ့ အခါမှာတော့ အမေရိကန်အစိုးရအနေနဲ့ ဝင်ငွေရနိုင်တာထက် အကြွေးယူပြီး အလွန်အကျွံပိုမို သုံးစွဲရေးဆီကို တွန်းပို့သလိုဖြစ်သွားပါတယ်။ ဒီလိုနဲ့ အမေရိကန်အစိုးရရဲ့ အကြွေးတွေဟာ ကြာလေများလေ ဖြစ်လာပါတော့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ အတွင်းမှာ ရွှေစျေးနှုန်းအတက်အကျဟာ အမေရိကန်အစိုးရရဲ့ အကြွေးပမာဏ တိုးများလာမှုနဲ့ နီးနီးကပ်ကပ် ဆက်စပ်ပတ်သက်နေခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဂရပ်ဖ်က စိန့်လူဝိစ်က ဗဟိုဘဏ်နဲ့ In Gold We Trust Report တို့က ရရှိတဲ့အချက်အလက်တွေကို အသုံးပြုပြီး ရွှေစံချိန်စနစ်ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ရွှေစျေးနဲ့ အမေရိကန်အမျိုးသားအကြွေးတို့အကြားက အဆက်အစပ်ကို ဖော်ပြထားတာပါ။
အစိုးရအကြွေး ၃၁ ထရီလျံ
အမေရိကန်ရဲ့ အမျိုးသားကြွေးမြီဆိုတာ ပြည်ထောင်စုအစိုးရက အသုံးစရိတ်ကို ကာမိအောင် အကြိမ်ကြိမ် ငွေချေးငှားရ၊ သုံးစွဲရတဲ့အတွက် တဖြည်းဖြည်းစုပုံလာတဲ့ ငွေစာရင်းပမာဏတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဘဏ္ဍာနှစ်တိုင်းမှာ တကယ်လို့ အစိုးရသုံးစွဲတဲ့ငွေဟာ ကောက်ခံရရှိတဲ့ အခွန်ငွေထက် ပိုများနေရင် ပြည်ထောင်စုအစိုးရဟာ၊ စျေးကွက်တင်ရောင်းချနိုင်တဲ့ Treasury Bills, Treasury Notes, Treasury Bonds, Treasury Inflation-Protected Securities (TIPS) စတဲ့ ငွေချေးအာမခံစာချုပ်တွေကို ရောင်းချ ခြင်းအားဖြင့် အသုံးစားရိတ်လိုငွေကို ကာမိအောင်လုပ်လေ့ရှိပါတယ်။
အမေရိကန် အစိုးရအကြွေးဟာ ၁၉၇ဝ ခုနှစ်ကတည်းက နှစ်စဉ်မြင့်တက်လာခဲ့တာပါ။ သက္ကရာဇ် ၂ဝဝဝ ခုနှစ် တစ်နှစ်ထဲဘဲ စီးပွားရေးတိုးတက်ကောင်းမွန်မှုနဲ့ ဘတ်ဂျက်ပိုငွေပြမှုတွေကြောင့် အကြွေး ၂ ရာခိုင်နှုန်း လျော့ကျခဲ့ဖူးပါတယ်။ ဒါကြောင့်လွန်ခဲ့တဲ့နောက်ဆုံးဆယ်စုနှစ်တွေအတွင်းမှာ အမျိုးသားကြွေးမြီဟာ ၁၉၇ဝ ခုနှစ်က ဒေါ်လာသန်း ၃၇ဝ ပဲရှိရာက ၂ဝ၂၃ ခုနှစ်မှာ ၃၁ ဒသမ ၄ ထီလျံဒေါ်လာအထိရောက်ရှိလာပါတယ်။ အစိုးရက အကြွေးယူနိုင်တဲ့ အမြင့်ဆုံးပမာဏ debt ceiling ကိုတိုးမြှင့်ပေးဖို့ကိစ္စကိုလည်း ကွန်ဂရက်လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ပင်စင်ရန်ပုံငွေတွေလို unfunded liabilities တွေကိုပါ ထည့်တွက်ရင် ဒီအကြွေးပမာဏဟာ ယခုထက်ပိုပြီး များပြားနိုင်ပါတယ်။ တကယ်လို့သာ အစိုးရက လူမှုဖူလုံရေး အာမခံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလို အနာဂါတ်ကာလမှာ ပေးရန်တာဝန်ရှိမှုတွေကိုပါ ထည့်သွင်းတွက်ချက်ရင် နှစ်စဉ်ဘဏ္ဍာရေးလိုငွေဟာ ၂၄၄ ဒသမ ၈ ထရီလျံဒေါ်လာ အထိတောင်ရှိမှာဖြစ်ပြီး အဲဒီပမာဏက လက်ရှိ အမေရိကန် ဂျီဒီပီထက် ၁ဝ ဆနီးပါးရှိပါတယ်။
အမေရိကန် အကြွေးများက ရွှေစျေးနှုန်းအပေါ် ဂယက်ရိုက်ခတ်မှု
ငွေကြေးမူဝါဒများက မကြာခဏဆိုသလို ပိုမိုအရေးကြီးတာမှန်ပေမယ့် ဘဏ္ဍာရေး မူဝါဒတွေ ကလည်း ရွှေစျေးနှုန်းတွေရဲ့ အတက်အကျအပေါ်သက်ရောက်မှုမှာ အရေးကြီးတဲ့နေရာက ရှိနေပါတယ်။ တကယ်လို့ ဘဏ္ဍာရေးလိုငွေပြမှုမြင့်တက်သွားပြီး ပြည်ထောင်စုရဲ့ အကြွေးတွေ စုပုံလာမယ်ဆိုရင် စီးပွားရေးအပေါ်ယုံကြည်မှုကို ထိခိုက်စေပြီး ကွန်းခိုရာအဖြစ် ရွှေအပေါ်ပြောင်းရွှေ့တတ်ကြပါတယ်။ အကြွေးတွေ ကြီးကြီးမားမားထူထပ်လာရင် ငွေဖောင်းပွမှုဖြစ်လာမှာကို စိုးရိမ်ပူပန်လာကြပါတယ်။ သမိုင်းတလျှောက်မှာလည်း အစိုးရအကြွေးတွေ ကိုပေးဆပ်ဖို့အတွက် ငွေစက္ကူတွေရိုက်နှိပ်ဖြေရှင်းကြတဲ့ အတွက် ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါ့ပြင် အစိုးရက သူ့အကြွေးတွေကို ပြန်ပေးဆပ်နိုင်ပါ့မလားလို့ တွေးပူကြရသလို အစိုးရရဲ့ အသုံးစားရိတ် လျှော့ချဖြတ်တောက်တာ ဒါမှမဟုတ် အခွန်တွေတိုးကောက်တာလုပ်လာမှာလားလို့ တွေးပူကြပါတယ်။ အဲဒီလို လုပ်ကြရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေးစေမှာပါ။
အမေရိကန်အကြွေးတိုးများလာမှုက မကြာခဏဆိုသလို ငွေကြေးဖောင်းပွမှုကို ဦးတည်စေပါတယ်။ အစိုးရ အနေနဲ့ အကြွေးတွေထပ်တလဲလဲပိလာရင် ငွေစက္ကူတွေထပ်မံရိုက်ထုတ်တာ ဒါမှမဟုတ် အစိုးရအသုံးစားရိတ်ကို တိုးမြှင့်တာတွေ လုပ်လေ့ရှိတာကြောင့် ငွေကြေးဖောင်းပွမှုကို ဦးတည်စေ ပါတယ်။ အဲဒီလိုအချိန်ကာလမျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှု၊ အရင်းအနှီးတွေကို ငွေဖောင်းပွမှုဒဏ်ကကာကွယ်ဖို့ ရွှေကိုဝယ်ယူစုဆောင်းကြပါတယ်။
တကယ်လို့ အမေရိကန်အစိုးရရဲ့ အကြွေး/ဂျီဒီပီ အချိုးနဲ့ ဘဏ္ဍာနှစ် လိုငွေပြမှုမြင့်မားနေရင် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်အစိုးရရဲ့ ချေးယူထားငွေနဲ့ အကြွေးပြန်ဆပ်နိုင်အားကို မေးခွန်းထုတ်ကြပါတယ်။ ဒါက အမေရိကန်ဒေါ်လာကို အားပျော့စေပြီး ရွှေစျေးကို မာစေပါတယ်။
တကယ်လို့ အမေရိကန်အစိုးရရဲ့ အကြွေး/ဂျီဒီပီ အချိုးနဲ့ ဘဏ္ဍာနှစ် လိုငွေပြမှု တဟုတ်ထိုးကျဆင်းနေရင် စျေးကွက်က ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်အစိုးရရဲ့ အကြွေးပြန်ပေးဆပ်နိုင်မှုကို ယုံကြည်မှုရှိပါတယ်။ ဒါက အမေရိကန်ဒေါ်လာကို အားကောင်းစေပြီး ရွှေစျေးကို အားပျော့စေပါတယ်။
ဒါကြောင့် ပြည်ထောင်စုအစိုးရရဲ့ အကြွေးပမာဏက မြင့်တက်လာသလို၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဘဏ္ဍာရေးစျေးကွက်ရဲ့ တည်ငြိမ်မှုကို စိုးရိမ်လာတာကြောင့် ရွှေ တွေဝယ်ယူပြီး အကာ အကွယ်လုပ်ကြပါတယ်။
အောက်ပါဇယားမှာ ဆယ်စုနှစ်တစ်ခုချင်းအလိုက် အမေရိကန် အကြွေးပမာဏ( ဒေါ်လာ သန်းပေါင်း) နဲ့ ရွှေတအောင်စရဲ့ တန်ဘိုးကို ယှဉ်တွဲဖေါ်ပြထားပါတယ်။
Year U.S. Debt (Millions USD) Gold Price (USD t oz)
1970 $372,007 $35
1980 $863,451 $653
1990 $3,051,958 $415
2000 $5,773,392 $283
2010 $12,773,123 $1,078
2020 $23,223,813 $1,584
2023 $31,457,820 $1,982
ရွှေစျေးကွက်ကို သက်ရောက်စေတဲ့အကြောင်းရင်းတွေ
ရွှေတန်ဖိုးဟာ အမေရိကန်အကြွေးပမာဏတိုးများလာတာနဲ့ အတူလိုက်ပြီး ထောင်တက်လာတယ် ဆိုပေမယ့် တခြားအချက်အလက်တွေကလည်း ရွှေစျေးအပေါ်သက်ရောက်နိုင်ပါသေးတယ်။ ဥပမာ စျေးကွက်ရဲ့ ခံစားချက်၊ ဗဟိုဘဏ်ရဲ့ပေါ်လစီနဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေစတဲ့အချက်တွေဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့အချက်က ကမ္ဘာပေါ်မှာရှိတဲ့ရွှေပမာဏကလည်း တသမတ်တည်း တည်မြဲနေတာ မဟုတ်ဘဲ ထပ်မံတူးဖေါ်ရရှိတဲ့ ပမာဏ အနည်းအများအလိုက်လည်း ရွှေစျေးနှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။
ကမ္ဘာပေါ်မှာ ရွှေပမာဏ အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေက တရုတ်၊ တောင်အာဖရိက၊ အမေရိကန်၊ သြစတြေးလျ၊ ရုရှားနဲ့ ပီရူးနိုင်ငံတွေပါ။ ၂ဝ၁၈- ၂ဝ၁၉ ခုနှစ်တွေမှာ တစ်ကမ္ဘာလုံး ရွှေထုတ်လုပ်တဲ့ပမာဏက တစ်နှစ်ကို မက်ထရစ်တန် ၃၃ဝဝ အမြင့်ဆုံးရှိခဲ့ရာက ၂ဝ၂ဝ-၂ဝ၂၁ နှစ်တွေမှာ မက်ထရစ်တန် ၃ဝဝဝ ပဲထုတ်လုပ်နိုင်ပါတော့တယ်။
နောက်ဆုံးတစ်ချက်ကတော့ ဒေါ်လာနယ်ပယ်ကစွန့်ခွာရေးလှုပ်ရှားမှု de-dollarization trend ပါ။ ဒါကလည်း ရွှေစျေးကွက်အပေါ်သက်ရောက်မှုရှိပါတယ်။ ကမ္ဘာနဲ့အဝှမ်း အနှံ့အပြားပြောဆိုဆွေးနွေး နေကြတဲ့ ဒေါ်လာနယ်ပယ်က စွန့်ခွာရေးရေစီးကြောင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံအစိုးရတွေ အကြားမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာငွေအစား ရွှေကို အစားထိုးသိမ်း ဆည်းလာကြပါတယ်။ ဒါကြောင့်လည်း ရွှေစျေးတွေ အထက်ဘက်ကိုထောင်တက်နေတာဖြစ်ကြောင်းပါ။
ကိုးကား- Visualizing Gold Price and U.S. Debt (1970-2023) By Bruno Venditti
- De-dollarization Accelerates, and Gold is The First Asset To React
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ဂေါ်ဒန်ကျောက်များတင်ဆောင်လာသည့် တွဲကားတစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ