ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့မှထောင်ထားသည့် မိုင်း(၁)လုံးပေါက်ကွဲမှုကြောင့် ဝါတော်(၃၃)ဝါရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူဟု ရဲတပ်ဖွဲ့ပြော
NSS - ဇွန် ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့မှထောင်ထားသည့် မိုင်း(၁)လုံးပေါက်ကွဲမှုကြောင့် ဝါတော် (၃၃)ဝါရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၅ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာ၏ အရှေ့ဘက် (၃)ဖာလုံခန့်အကွာ ရွှေမုဌော ဘုရားအနီးတောစပ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတောစပ်အနီးတွင် PDF အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း(၁)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာအနီးတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်လျက်ရှိသည့် သက်တော်(၅၄)နှစ် ဝါတော်(၃၃)ဝါရှိ ဆရာတော် ဦးစက္ကပါလတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ လမ်းပိုင်းများအပေါ်တွင် လက်လုပ်မိုင်းထောင်ထားမှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် သွားလာရာ၌ အန္တရာယ်ရှိနေကြောင်းနှင့် ၎င်းမိုင်းများကို သက်ဆိုင်ရာက ရှင်းလင်းပေးရန်မျှော်လင့်နေကြောင်း ဒေသခံများက NP News ကိုပြောဆိုထားသည်။
အထက်ပါဖြစ်စဉ်မှ မိုင်းထောင်ဖောက်ခွဲမှု ကျူးလွန်ခဲ့သော အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့မှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် သံဃာတော်(၇၃)ပါးနှင့် သီလရှင် ဆရာကြီး(၁)ပါးတို့ ပျံလွန်တော်မူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် ဇူလိုင်လအတွင်း အယ်လ်နီညို ဖြစ်ပွားနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း