မူးယစ်တိုက်ဖျက်ရေးကို အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့မဖော်ဆောင်နိုင်ခဲ့ကြောင်း RCSS လက်နက်ကိုင်အဖွဲ့ဆို
မျိုးကြီး (NSS) - ဇွန် ၂၇
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့မဖော်ဆောင်နိုင်ခဲ့ကြောင်း RCSS လက်နက်ကိုင်အဖွဲ့က ဆိုသည်။
ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယမန် နေ့(ဇွန်လ ၂၆ ရက်)တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကြေညာ ချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ချမှတ်ထားသည့် မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာထားသည်။
ထို့ပြင် လွန်ခဲ့သောနှစ်များ၌ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ UNODC တို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သော ၂ဝ၂၂-၂ဝ၂၃ တစ်နှစ်တာကာလအတွင်း RCSS အနေဖြင့် စိတ်ကြွဆေးပြား လေးသိန်းခွဲကျော်နှင့် အိုက်စ် ၁ဝဝဝ ကီလိုဂရမ်နီးပါးဖမ်းဆီးရမိခဲ့သည်ဟုလည်း ထည့်သွင်းကြေညာထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဒေသအသီးသီး၌ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ပျံ့နှံ့လျက်ရှိနေသည့်အပြင် ဘိန်းစိုက်ပျိုးမှုများသည်လည်း ဆက်လက်ရှိနေသေးကြောင်း RCSS က ဆိုထားသည်။
RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိ နစကနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည်မှာ နှစ်ပေါင်း (၃၃)နှစ်ရှိခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိခံစားနိုင်ခြင်း မရှိသေးပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုသည် အမြတ်ကြီးမားသော မူးယစ်ဆေးဝါးလုပ်ငန်းများကို မစွန့်လွှတ်နိုင်သည့်အတွက် ငြိမ်းချမ်းရေးကို အချိန်ဆွဲနေခြင်းဖြစ်ကြောင်း နစကဘက်က ပြစ်တင်ဝေဖန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်ကိုမဖြတ်တဲ့ ကမ္ဘာ့အရှည်ဆုံး မိုင်(၁ဝဝ)ကျော် တံတားကြီး (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း