မူးယစ်ဆေးဝါးသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေသည့်အတွက် နိုင်ငံနှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေဟု ရဲမှူးချုပ်ဆို
မျိုးကြီး၊ သန့်ဇင် (NSS) - ဇွန် ၂၆
မူးယစ်ဆေးဝါးသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေသည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောသည်။
ရဲမှူးချုပ် မျိုးမင်းထိုက်က ယနေ့(ဇွန်လ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ရဲမှူးချုပ်က ဆိုသည်။
ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ထုတ်လုပ်သူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူ အများအပြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း ဓါတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးဝါးပြ ပြဿနာသည် ပိုမိုဆိုးရွားနေကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
“မူးယစ်ဆေးဝါးဟာ နိုင်ငံဖြတ်ကျော် မှုခင်းများကျူးလွန်ရန် လောင်ကစားသဖွယ်ဖြစ်နေတဲ့အပြင် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့မှု စသည့်အမှုများနဲ့ ဆက်စပ်နေတဲ့ တရားမဝင်လုပ်ငန်းများကိုလည်း ဖန်တီးပေးနေတာကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောသည်။
ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်း (၃၉)မျိုးကို လမ်းလွဲမရောက်ရှိစေရန် နိုင်ငံတော်နှင့် သက်ဆိုင်ရာအကြီးအကဲများက ကြီးကြပ်ဆောင်ရွက်နေသည့်အပြင် ထိန်းချုပ်ဓါတုပစ္စည်းများကို ရောင်းဝယ်မှုပြုလုပ်သည့် လုပ်ငန်းရှင်များကိုလည်း အနီးကပ်စစ်ဆေးကြပ်မတ်နေကြောင်း သိရသည်။
ယခု ၂ဝ၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်အမှုပေါင်း (၃ဝဝ)ကျော်ရှိပြီး ၎င်းအမှုများနက်မှ ကျူးလွန်သူ (၅ဝဝ)ကျော်ကိုလည်း အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြော ဆိုထားသည်။
ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနား၌ ရန်ကုန်တွင် ငွေကျပ် (၄၃၆)ဘီလျံ၊ အမေရိကန်ဒေါ်လာအားဖြင့် (၂ဝ၇)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောလင်းမြို့ရှိ လုံခြုံရေးအဖွဲ့ကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ အဝင် (၉)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း