အိန္ဒိယနိုင်ငံတွင် ခရီးသည်တင်ရထားနှစ်စင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃ဝဝ)နီးပါးသေဆုံးခဲ့ပြီး (၁ဝဝဝ)နီးပါးထိခိုက်ဒဏ်ရာရရှိ
Pika (NP News) - ဇွန် ၃
အိန္ဒိယနိုင်ငံ အိုဒစ်ဟာပြည်နယ်တွင် ဇွန်လ(၂)ရက်က ခရီးသည်တင် မီးရထားသုံးစင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃ဝဝ)နီးပါးသေဆုံးခဲ့ပြီး အခြားလူ(၁ဝဝဝ)နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ဇွန်လ(၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဇွန်လ(၂)ရက်က ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း အိုဒစ်ဟာပြည်နယ်အတွင်းရေးမှူးချုပ် ပရာဒိပ်ဂျီနာကပြောကြားခဲ့သည်။ ရထားတိုက်မိမှုသည် ရထားလမ်းချော်ကာ တစ်ဖက်လမ်းမှလာသော ရထားကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ အိုဒစ်ဟာပြည်နယ် Balasore ခရိုင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် လူနာတင်ယာဉ်အစီး(၂ဝဝ)ကျော်နှင့် ဆရာဝန်အယောက်(၁ဝဝ)ကိုခေါ်ယူထားကြောင်း ပရာဒိပ်ဂျီနာကပြောကြားခဲ့သည်။ ရထားတိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်တွင် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ရထားတွဲများပေါ်သို့တက်နေကြသည့် ကယ်ဆယ်ရေးသမားများ၊ အကူအညီတောင်းနေသော ခရီးသည်များနှင့် အပျက်အစီးဘေးတွင် ငိုကြွေးနေသော ခရီးသည်များကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင်တွေ့ခဲ့ရသည်။
မျက်မြင်သက်သေတစ်ဦးက "ကျွန်တော်အခင်းဖြစ်ပွားရာနေရာကို ရောက်ခဲ့ပါတယ်။ ခြေလက်တွေကျိုးနေတဲ့ ခရီးသည်တွေ၊ သွေးတွေနဲ့ သေဆုံးနေတဲ့သူတွေကို တွေ့ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
မတော်တဆမှုသည် ဇွန်လ(၂)ရက်၊ ည(၇)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Bangalore မြို့မှ Howrah မြို့သို့ပြေးဆွဲနေသော Howrah Superfast Express ရထား၊ Kolkata မြို့မှ ချန်နိုင်းမြို့သို့ပြေးဆွဲနေသည့် Coromandel Express ရထား နှင့် ကုန်တင်မီးရထားတစ်စင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များသည် အဆိုပါမတော်တဆမှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသော အကြောင်းအရာများကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ရာနှင့်ချီသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အနံ့ခံခွေးများပါဝင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်ကူညီလျက်ရှိကြောင်းသိရသည်။
ထို့ပြင် ရာနှင့်ချီသောလူငယ်များသည် အိုဒစ်ဟာပြည်နယ် ဆိုရိုမြို့ရှိ အစိုးရဆေးရုံအပြင်ဘက်တွင် သွေးလှူဒါန်းရန် တန်းစီခဲ့ကြကြောင်းသိရသည်။ အိုဒစ်ဟာပြည်နယ် ဝန်ကြီးချုပ် Naveen Patnaik သည် သေဆုံးသူများကို လေးစားသည့်အမှတ်အသားအဖြစ် ဇွန်လ(၃)ရက်ကို နိုင်ငံတော်ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါရထားမတော်တဆမှုသည် အိန္ဒိယနိုင်ငံတွင် ဆယ်စုနှစ်ကျော်အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကလိုအပ်သည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်ဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌတိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း