မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နာမူ (NSS) - နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားဂိတ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မြင့်ဦး(ခ)အောင်ကြီး၊ မစိုးစိုးလှိုင် (ခ)မစိုးတို့ထံမှ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၃) သိန်းခန့်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မသီသီဆင့်(ခ)မဆင့်ကို ဒိုက်ဦးမြို့နယ်၊ ကျွဲတဲအင်းကျေးရွာအနီးတွင်လည်းကောင်း၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မောင်စိန်ညွန့်(ခ)ဆရာ(ခ)ကိုရခိုင်အား အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၄)ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အ ရေးယူထားပြီး ကွင်းဆက်ကျုးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ(၁၀)ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် စိုင်းသူရ(ခ) ရာဇာမြင့်မောင်းနှင်ကာ မစိမ်းမြနှင့် မမျိုးသူဇာလှိုင်(ခ)သူဇာတို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ်ပေါ်မှ ငွေကျပ် သိန်း(၁၁၀၀)တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၄ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ဂမ်ဒီး(ခ) ဂမ်အောင်ကို မိုးညှင်းမြို့၊အောင်သပြေ (၁) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ငွေကျပ်သိန်း (၅၇၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၈၅၀၀) ပြားနှင့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေး ယူထားလျက်ရှိကြောင်းနှင့် ကွင်းဆက်များအားလည်း ဆက်လက်ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း