ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ကားလောကသားတို့၏ အသံ၊ သောက၊ ဂယက် (ဆောင်းပါး)
ကျော်နု (NSS) - နိုဝင်ဘာ ၁၁
နာမည်ကြီး ကားဝယ်ရောင်းသမား ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရသည်။ အတည်ပြုနိုင်သော သတင်းများက နိုဝင်ဘာ(၃)ရက်တွင် ထွက်လာ၏။ EV နှင့် ကားလောကတစ်ခုလုံး လှုပ်ခတ်သွားသည့်အပြင် ကြည်သာဟန်၏ ဖေ့စ်ဘွတ်ခ် Follower များလည်း စိတ်ဝင်တစားဖြစ်သွားသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းနှင့်ဆက်စပ်သော မည်သူများဆက်လက်ဖမ်းဆီးခံရနိုင်သနည်းနှင့် ကားလောက၌ မည်သည့်ကိစ္စများ ဆက်လက် ဖြစ်လာနိုင်သည်ကို စိတ်ဝင်စားကြခြင်းလည်းဖြစ်၏။ ကြည်သာဟန်ဆိုသူသည်ကား အခြားသူမဟုတ်။ အမျိုးသမီး ငယ်များစွာ၏ စောင့်ကြည့်အားပေးခြင်းခံရသော လူလတ်ပိုင်း ကားပွဲစားလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူက တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်သည့်အပြင် ၎င်းကိုယ်တိုင်ကလည်း တိုင်းမှူးတစ်ဦး၏သမီးနှင့် အိမ်ထောင်ကျပြီးနောက် ကွာရှင်းပြတ်စဲခဲ့သူလည်း ဖြစ်သည်။ NUG လော်ဘီထောက်ပို့ပွဲစား ပန်ဆယ်လိုကို ကုမ္ပဏီ၏ သံတမန်အဖြစ် ခန့်အပ်ခဲ့ဖူးသူလည်း ဖြစ်သည်။ “ဦး” ဟု အသုံး အနှုန်းဖြင့် အမျိုးသမီးငယ်များကြားတွင် ရေပန်းစား၏။ အမျိုးသမီး ငယ်များစွာက ပတ်သက်ချင်သူ ရုပ်ရည်သန့်ပြန့်သည့်အမျိုးသားတစ်ဦးလည်း ဖြစ်သည်။ အမျိုးသမီးလေးဦးဝန်းရံ၍ အတူတကွ အလှူပွဲတစ်ခု ပြုလုပ်ခဲ့သော ဓာတ်ပုံသည်ကား ကြည်သာဟန်ဆို သော ပုဂ္ဂိုလ်ကို လူသိများစေခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်လာ၏။ (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်း အလွန် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်အကြီး အကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က EV ကားများ တင်သွင်းကြရန် မူဝါဒချမှတ်ပေးခဲ့သည်။ ထို မူဝါဒသည် ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်း၌ စတင်အကောင်အထည် ဖော်ရမည်ဖြစ်ပြီး ကားလောကသားတို့အတွက် ငွေရလမ်းကြီးတစ်ခု၊ အခွင့်အရေးတစ်ခု ဖြစ်လာ၏။ ထိုအထဲတွင် ကြည်သာဟန်လည်း ပါဝင်လာသည်။ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်း၌ပင်လျှင် တရုတ်နိုင်ငံမှတစ်ဆင့် ဂျပန်တိုယိုတာ EV ကားများကို Shopping ထွက်ရင်း အပျင်းပြေဝယ်လာသည့်ပုံစံဆန်ဆန် တင်သွင်း လာခဲ့သည်။ ထိုအချိန်က EV မူဝါဒကို ခိုင်ခိုင်မာမာချမှတ်နိုင်ခြင်းမရှိသေးဘဲ ပြုလွယ်ပြင်လွယ်ပုံစံဖြင့် ခွင့်ပြု နေဆဲဖြစ်၏။ Sale Contract များဖြင့် တိုယိုတာနှင့် အခြားသော EV ကားအချို့ကို ဝယ်ယူ တင်သွင်းကာ မြန်မာနိုင်ငံ တွင်း၌ တစ်ဆင့်ပြန်လည် ရောင်းချသည့်အပြင် နိုင်ငံတော်၏မူဝါဒဖြစ်သော ဈေးနှုန်းသင့်တင့်မျှတရေး ခေါင်းစဉ်ကို လည်းက မောက်ကမ စတင်ဖြစ်ပွားစေခဲ့သူ ဖြစ်သည်။ အမှန်တကယ်တွင် EV ကားများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော Authorized dealers လိုင်စင်များဖြင့်သာ တင်သွင်းရောင်းချရမည်ဖြစ်သည်။ သို့သော်လည်း မူဝါဒ ပြုလွယ် ပြောင်းလွယ်ကာလကို အခွင့်ယူ၍ ကြည်သာဟန်အပါအဝင် ကားပွဲစားသမား (လုပ်ငန်းရှင်ဟု မသုံးလို၍) အချို့က ငွေရလမ်းရှာခဲ့ကြသည်။ ထို့နောက် EV လောကသည်ကား ဝေဖန်ထောက်ပြ စရာများစွာဖြင့် မူဝါဒများစွာကို အာဏာပိုင်များက မကြာခဏပြောင်းလဲပစ်ရတော့၏။ EV မူဝါဒ စတင်စဉ်က သတ်မှတ်စည်းကမ်းအချက်အလက်များ စွာရှိသော်လည်း ထိုအထဲမှ အရေးကြီးသောအချက်ဖြစ်သည့် Charging Station များတည်ဆောက်ပေးရေးကိုလည်း EV ကား တင်သွင်းခွင့်ရကုမ္ပဏီ(၅၀)ထက် မနည်းက လိုက်နာခြင်းမရှိခဲ့ပေ။ လက်ရှိတွင် EV ကားတင်သွင်းခွင့်ရ ကုမ္ပဏီ (၈၀)ထက်မနည်း ရှိသည်။ စည်းကမ်းဥပဒေအတိုင်း လိုက်နာလုပ်ဆောင်သော အဆင့်အတန်းရှိသည့်ကုမ္ပဏီများ ရှိနေ သော်လည်း အဆင့်အတန်းမရှိသည့် ကုမ္ပဏီများစွာလည်း ပေါ်ပေါက်ခဲ့၏။ သို့သော်လည်း EV ကော်မတီက ‘နွားထီး ငါးကျပ်၊ နွားမငါးကျပ်’မူကို ဆက်လက်ကိုင်စွဲ၍ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကို မျက်စိ တစ်ဖက်မှိတ် ပေးထားသည်။ ရည်ရွယ် ၍လုပ်ခြင်းဟု မဆိုလို။ မရည်ရွယ်ဘဲ ရပ်မိလျက်သား ဖြစ်နေသည်ဟု ယူဆရမည်ပင်။ ကြည်သာဟန် ဖမ်းဆီးခံရခြင်း၏နောက်တွင် EV နှင့် အခြားသော ကားလောကသား အချို့က အစိုးရ၏ပေါ်လစီ တစ်ဖန်ပြန် ပြောင်းလဲ သွားမည်ကို စိုးရိမ်နေကြသည်။ အကြိမ်ကြိမ် မကြာ ခဏပြောင်းလဲလေ့ရှိသော ပေါ်လစီက ကြည်သာဟန် ဖြစ်ရပ်တွင် ထပ်ဆင့်လာမည်ကို စိုးရိမ်ကြခြင်းပင်။ ကြည်သာဟန်ကို ဖမ်းဆီးရခြင်းနောက်ကွယ်တွင် မြုပ်နေသော ဇာတ်လမ်းများစွာရှိ၏။
"ကားကိစ္စမှာ အခွန်လိမ်ထားတာတွေလည်း ရှိတယ်လို့ကြားတယ်။ Suzuki ကား တွေကို သူရောင်းခဲ့သေးတယ်လေ။ အဲဒီမှာလည်း ဘီလျံနဲ့ချီပြီး အခွန်လိမ်ထားတယ်လို့ ကြားတယ်။ အဲဒါကို သတင်းရလို့ ခေါ်စစ်တာမျိုးပဲ။ စစ်ရင်းနဲ့ တစ်ခုပြီးတစ်ခု ပေါ်လာမှာပေါ့။ EV ကိစ္စ မှာလည်း သူငြိသွားတဲ့ကိစ္စတွေ ရှိတယ်။ လူကြီးအ သိုင်းအဝိုင်းနဲ့ပိုင်တယ်ဆိုပြီး ထင်တိုင်းကျဲခဲ့တဲ့ အကျိုးဆက်ပေါ့"ဟု ကားလောက ဝါရင့်တစ်ဦးက ပြောသည်။ EV ကား ပေါ်လစီ စတင်ချိန်တွင် ကြည်သာဟန်က ဝန်ကြီးတစ်ဦး၏သား၊ တပ်မတော် အကြီးအကဲတစ်ဦး၏ သားများနှင့် ရှယ်ယာပူးပေါင်း၍ ကားတင်သွင်းရောင်းချခြင်းများလုပ်ခဲ့သည်။ တစ်နှစ်ကျော် ကြာလာချိန်၌ ရှယ်ယာအမြတ်ငွေများ ခွဲဝေမှုတွင် တစ်နည်းတစ်ဖုံ ပြဿနာရှိလာပုံရပြီး နယ်ပယ်အသီး သီးမှ တိုင်ကြားချက်များနှင့်ပေါင်း၍ ဖမ်းဆီးစစ်ဆေး ခံရခြင်းမျိုးဖြစ်နိုင်သည်ဟု လောကသားများက ကောက်ချက်ချ၏။ EV ကားများကို Pre-Order အမှာစာများလက်ခံ၍ ယင်းငွေများဖြင့် အခြားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ကားမှာယူ ထားသူများက ကားလည်းမရ၊ ငွေလည်း ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ပြန်အမ်းခြင်းမခံရသည့်ဖြစ်ရပ်တို့ကြောင့် ဆိုင်ရာပိုင်ရာများထံ တိုင်ကြားချက်များ လုပ်ခဲ့ပုံရသည်။ ‘အိမ်ခြံမြေဘက်မှာလည်း ကားဘက်က ရတဲ့ငွေတွေကို သွားသုံးတယ်လို့ ကြားတယ်။ မြေသမား နှစ်ဦးလည်း ပါသွားတယ်လို့ ကြားရတယ်။ ကားတင်သွင်းတာမှာလည်း လူကြီးသားသမီးတွေ အပေါ်မှာ နည်းနည်း လူလည်ကျခဲ့ပုံရတယ်။ ဒါတွေ အကုန်ပေါင်းသွားတာပေါ့}ဟု အခြားသော ဝါရင့်ကား သမားတစ်ဦးကလည်း ပြောသည်။ ကား လောကအတွင်း၌ ကြည်သာဟန်ကို အားကျသူများရှိသကဲ့သို့ အမြင်မကြည်သူများလည်း ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် အမျိုးသမီးများ၏အားပေးမှုကို အားကျ သော်လည်း လုပ်ငန်းကဏ္ဍတွင် စည်း မစောင့်တတ် သောကြောင့် အမြင်မကြည်ကြကြောင်းလည်း ဆိုနိုင်သည်။ ကားနှင့်ပတ်သက်သော အသင်းတစ်ခုတွင် အမှုဆောင်အဖြစ် ပါဝင်ထား သူ ကြည်သာဟန်က အသင်း၏အစည်းအဝေးများကို တက်ရောက်ချိန်တွင် လောကသားများအတွက် မျက်စိဆံပင်မွေးစူး စေသော လုပ်ရပ်မျိုး မကြာခဏလုပ်လေ့ရှိသည်ဟု ဆိုသည်။ ‘အစည်းအဝေးလာရင် ရှေ့ကားတစ်စီး နောက်ကား တစ်စီးနဲ့။ မသိရင် ဝန်ကြီးလမ်းကြောင်းလိုလိုပေါ့ဗျာ။ ကားပေါ်က ဆင်းတာနဲ့ ထီးပြေးဆောင်းပေးသူ လုံခြုံ ရေးလိုက် ပေးသူတွေနဲ့ ရှုပ်ယှက်ခတ်နေတာပါပဲ။ အစည်းအဝေးထဲမှာလည်း တစ်ခါတစ်ခါ ထထပြောရင် အကြီးကြီးတွေချည်းပဲ။ ကြာလာတော့ ကားလောက သားတွေက သူ့ကိုကြည့်မရတော့ဘူးပေါ့ဗျာ’ဟု အခြားသောဝါရင့်တစ်ဦးက ပြောသည်။ လေးဦးထက်မ နည်းသော ကားလောကသားများထံ မေးမြန်းစုံစမ်းချက်အရ ကြည်သာဟန်ကို ဖမ်းဆီးသွားခြင်းအပေါ် ကောင်းသည်ဆိုးသည် မဝေဖန်လိုဘဲ ကြည်သာဟန်ကြောင့် ကားလောကအပေါ် အစိုးရအသိုင်းအဝိုင်းက အမြင်မကြည် လင်မှုဖြင့် စဉ်းစားဆုံးဖြတ်မည်ကို စိုးသောအချက်ပင်ဖြစ်နေသည်။ EV ကား ခေတ်စားစဉ် ကနဦးကာလများအတွင်း၌ ကြည်သာဟန်တစ်ဦးတည်း ပင်လျှင် အစီးရေ(၅၀ဝ)ထက်မနည်းတင်သွင်းရောင်းချ ခဲ့ပြီး တစ်စီးချင်းစီလျှင် အမြတ်ငွေ အနည်းဆုံးကျပ် သိန်း(၂၀ဝ)အထက် ရရှိခဲ့သည်ဟု ကားလောကသားများက ခန့်မှန်းကြသည်။
ထိုမျှများပြားသော အမြတ်အစွန်းမျိုးကို ရှာဖွေရန် ကြည်သာဟန်နှင့် ၎င်း၏ ပါတနာများက သုံးခဲ့ရသောအချိန်သည် တစ်နှစ်ခန့်သာ ရှိခဲ့သည်။ အချို့သတင်းများအရ ပါတနာများနှင့် သဘောထားကွဲလွဲသွားခြင်းသည် ပါတနာများအပေါ် တွင်လည်း စည်းမစောင့်သောကြောင့်ဟု ဆိုသည်။ ဆိုလိုသည်မှာ ကားလောက၌ ဆယ်စုနှစ် နှစ်ခုနီးပါး ကျင်လည်ခဲ့သူက EV ပေါ်လစီကြောင့် လာရောက် ရင်းနှီးမြှုပ်နှံသူ လူလတ်ပိုင်းလုပ်ငန်းရှင်များအပေါ်တွင် နှစ်သီးမျှမက စားခဲ့သည်ဟု ယူဆစရာများ ရှိနေခြင်းပင်။ EV ကားတင် သွင်းခွင့်ရကုမ္ပဏီများအနေဖြင့် ကားများကိုဝယ်ရောင်းများမှတစ်ဆင့် ထပ်ခါထပ်ခါ ဆင့်ကဲရောင်းချ၍ ဈေးနှုန်းမြင့်တက် စေခြင်းများမရှိစေရန် တာဝန်ယူရမည်ဆိုသောအ ချက်ကို ပွဲစားဆန် ဆန်လှည့်စားကစားခဲ့သည်ဟု ဆိုနိုင်သည်။ ကြိုတင်မှာယူထားသူများကိုလည်း သတ်မှတ်ရက်တွင် အပ်နှံပေးခြင်းမရှိဘဲ အခြားနည်း လမ်းဖြင့် ပြင်ပဈေးကွက်၌ ရောင်းချခြင်းများ မလုပ်ဟုမဆိုနိုင်။ ယင်းအတွက်လည်း ပြဿနာများ တက်ခဲ့ကြဖူးသည်။ ကြိုတင်မှာယူထားသူများက မှာယူမည့်ကားတန်ဖိုး၏အနည်းဆုံး (၃၀)ရာခိုင်နှုန်း ကို EV ကားတင်သွင်းခွင့်ရသူများထံ ပေးချေထားသည်။ တစ်ဦးလျှင် ကျပ်သိန်း(၃၀ဝ) ပေးချေထား သည်ဆိုပါစို့။ ကားကြို တင်မှာယူသူ အနည်းဆုံး(၁၀ဝ)သာရှိသည်ဆိုလျှင်ပင် ကားကုမ္ပဏီအနေဖြင့် ကျပ် သိန်းပေါင်း(၃၀ဝဝဝ)ကို အသားတင် လက်ဝယ်ရရှိပြီး ဖြစ်နေသည်။ ထိုငွေများထဲမှ အချို့ကို အိမ်ခြံမြေ ကဏ္ဍ၌ သွားရောက်ရင်းနှီးမြှုပ်နှံထားခြင်း၊ ရွှေ zအ ရောင်းအဝယ်ကဏ္ဍ၌ဖြစ်စေ၊ ဒေါ်လာ အရောင်းအဝယ်ကဏ္ဍ၌ဖြစ်စေ သွားရောက်ရင်းနှီးမြှုပ်နှံ ကစားခြင်းမပြုဟု မဆိုနိုင်ပေ။ ထိုကဲ့သို့သော အချက်များ စွာအပြင် EV ကားလောကအတွင်း၌ အကျင့်ပျက်ခြ စားသော ပွဲစားဆန်ဆန် တစ်ကိုယ်ကောင်းသမားများ ရှိနေသည်ဟု ကောက်ချက်ချစရာရှိသည်။ ထိုသူ သည် ကြည်သာဟန်ဟု မဆိုလိုပါ။ ‘သိရသလောက် ကားကိစ္စက သေးသေးလေးရယ်တဲ့။ အခြားကိစ္စတွေ ရှိနေသေးတယ်လို့ ကြားပါတယ်။ အဆက်အသွယ် ကောင်းပြီး ပိုင်ရာဆိုင်ရာတွေနဲ့ ပြန်လွတ်လာတာမျိုး ဖြစ်မလား မသိလို့ မပြောချင်တော့ပါဘူးဗျာ’ဟု ဝါရင့် ကားသမား တစ်ဦးက ပြောသည်။ ယခုနှစ်လယ်ပိုင်း၌ ကြည်သာဟန်ကို ထိုင်းနိုင်ငံတွင်မြင်ခဲ့သူတစ်ဦးကမူ ဘန်ကောက်၌ အိမ်ဝယ်ရန်စုံစမ်းမေးမြန်းမှုများရှိသည့်အပြင် ရုံးခန်းဖွင့်ရန်လည်းစီစဉ်ခဲ့သည်ဟု မှတ်ချက်ပြုသည်။ ခေတ်ဟောင်း ဝါရင့်တစ်ဦး၏ အဆိုအရ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော Suzuki ကားများကို ပြန်လည်ရောင်းချပေးမှုတွင်လည်း ဝယ်ယူသူများနှင့် ရှင်းလင်းရမည့် ပြဿနာများစွာ ရှိနေသေးသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းကိုယ်တိုင်သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှ အားပေးသူများ၏ အင်အားကို အသုံးပြု၍ တစ်နည်းအားဖြင့် ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်ခြင်းကို အသုံးပြု၍ ၎င်းထံသို့လာသော ပြဿနာများကို ပြန်လည်ပုတ်ထုတ်လေ့ရှိသည်။ နစ်နာမှု ကြောင့် ဝေဖန်သူ များကိုပင်လျှင် ၎င်းအား မနာလိုသဖြင့် ဝေဖန်သည့်သဖွယ် ဇာတ်òန်းပြောင်းလေ့ရှိ သည်ဟု ဆိုနိုင်သည်။ ‘သူလုပ်လို့ သူ့အဖေ ထောင်ကျသွားတာဆိုပြီး ကားလောကမှာ ပြောကြလေ့ရှိ တယ်။ သူက အရင်ကတည်းက Without ကားတွေ လည်း လုပ်တယ်လေ။ သူ့အဖေက တပ်က ဒုဗိုလ်မှူး ကြီး။ ဗိုလ်ချုပ်(--)ရဲ့သမီးနဲ့လည်း ညားပြီးမှ ပြန်ကွဲတာ။ နောက်တော့ Without ကြောင့် တော်တော် လေး ငုပ်သွားတယ်’ဟု ဝါရင့်တစ်ဦးက ပြောသည်။ နိုဝင်ဘာ(၇)ရက်အထိ သတင်းများအရ ကြည်သာဟန်ကို ဖမ်းဆီးစစ်ဆေးနေခြင်းအကြောင်းကို ပြည်တွင်းအခြေစိုက် တရားဝင်မည်သည့် သတင်းဌာန များတွင်မှ ထပ်မံတွေ့ရခြင်းမရှိတော့ပေ။ ခန့်မှန်းချက်အရ အောက်တိုဘာလကုန်ပိုင်းကတည်းက ဖမ်းဆီးခံရခြင်းမျိုးဖြစ်နိုင်ပြီး ဖမ်းဆီးခံရသည်ဟု သတင်းထွက်သော နိုဝင်ဘာ(၃)ရက်မှစ၍ တစ်ပတ်ခန့်ကြာသည်အထိ ကြည်သာဟန်နှင့် ဆက်စပ်ပတ် သက်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးအရာရှိများက ဆင့်ခေါ်နေမည်ဖြစ်သည်။ ထိုအထဲတွင် လူကြီး သားသမီးများလည်း ပါနိုင်သည်။ ထင်ရှားသူ တစ်ဦးဖြစ်သော အဆိုတော် အာဘွိုင်းလည်း ပါနိုင် သည်။ ကြည်သာဟန်၏ဘေးနားတွင် အမြဲလိုလို ရှိနေတတ်သော အမျိုးသမီးငယ်အချို့နှင့် ကုမ္ပဏီဝန် ထမ်းအချို့လည်း ခေါ်ယူစစ်မေးခံရနိုင်သည်။
ကြည်သာဟန်၏ထွက်ဆိုချက်များနှင့် အခြားသော ခေါ်ယူစစ်မေးခံရသူများ၏ ထွက်ဆိုချက် များကို တိုက်ဆိုင် စစ်ဆေး၍ သင့်တော်သောသတင်း ထုတ်ပြန်ချက် များကို မကြာခင်ရက်ပိုင်းအတွင်း မြင်ရနိုင်ခြေ လည်း ရှိသည်။ မမြင်ရစေရန်လည်း လုပ်နိုင်သည်။ ခန့်မှန်း ထားကြသည်မှာ ကားကြိုပွိုင့်များ သတ်မှတ်ချိန်အတွင်း မအပ်နှံမှု၊ EV ကား ပေါ်လစီအပေါ် လက်တစ် လုံးခြားလုပ်မှု၊ အမြတ်ငွေများအပေါ် အခွန်ရှောင်လွှဲမှု၊ ဘဏ်ချေးငွေကိစ္စ၊ အိမ်ခြံမြေကဏ္ဍအလှုပ်အခတ်၊ ရွှေနှင့်ဒေါ်လာ အလှုပ်အခတ်များနှင့် လုပ်ငန်းအတူတူ လုပ်ကြသူချင်းအကြား အကျိုး စီးပွားပွတ်တိုက်မှု များလည်း ပါဝင်နိုင်သည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးသည် ဥပဒေပါစည်းကမ်းအရဆိုလျှင် ခိုင်မာအားကောင်းလှသည်။ စည်းကမ်းအတိုင်း မဟုတ်ခဲ့လျှင် မသိနိုင်ပေ။ ထို့အတူ ကြည်သာဟန်၏ ဂယက်က အဆင့်အတန်းရှိရှိ လုပ်ကိုင်နေသည့် အခြားသော ကားလောက သားများကို ထိခိုက်နစ်နာ စေရန်လည်းမသင့်။ လက်ရှိ EV ကား လောကသည် ပင်လျှင် နိုင်ငံခြားငွေ ကန့်သတ်ခံရမှု ကိစ္စနှင့် လုံးလည် ချာလပတ်လိုက်နေသည်။ စည်းကမ်းတကျလုပ်ကိုင် နေသူများခေါင်းကိုက်နေရ၏။ ထိုအပူပေါ်တွင် ကြည် သာဟန်၏ဖြစ်ရပ်က ဆင့်ကဲ၍ ပူလောင်ရန်မသင့်ခြင်းပင်။ အပြစ်ရှိလျှင် အပြစ်ရှိသူသာ အပြစ်ခံသင့်ပြီး အပြစ်မဲ့သူကို အပြစ်ယူခြင်းပြုလုပ်မိပါက အပြစ်ယူ သူများသာ အဂတိသမားများဖြစ်စေနိုင်သည်ကို သတိပြုဆင်ခြင်သင့်ကြောင်း တိုက်တွန်းလို၏။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UK Official Singles Chart မှာ အဆင့်အမြင့်ဆုံးအမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ Rose
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ