‘‘ ဒီဂျစ်တယ်ယွမ်မှတစ်ဆင့် နိုင်ငံတော် အာဏာကို ဖြန့်ကြက်ခြင်း ”
တင်ဇာ (NSS) - အောက်တိုဘာ ၃၁
ဒီဂျစ်တယ်ငွေကြေးများ၏ ဖွံ့ဖြိုးတိုးတက် မှုသည် ကွဲပြားသော အခြေအနေအရပ်ရပ်တို့နှင့် အတူ ရှုပ်ထွေးကျယ်ပြန့်လာလျက်ရှိသည်။ ၎င်းတို့၏ အုပ်ချုပ်ဖွဲ့စည်းပုံပေါ်မူတည်၍ ဒီဂျစ်တယ် ငွေကြေး နယ်ပယ်တွင် ဗဟိုချုပ်ကိုင်မှုကင်းသော နိုင်ငံမဲ့ cryptocurrencies၊ ကော်ပိုရိတ် stablecoins များ၊ govcoins ဟုလူသိများသော ဗဟိုဘဏ်ဒီဂျစ်တယ် ငွေကြေးများ (CBDCs)ဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။
CBDC မှာမူ ဗဟိုဘဏ်နှင့် တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် အစိုးရ၏ ချုပ်ကိုင်မှုစက် ဝန်းထဲတွင်ရှိနေသော ဒီဂျစ်တယ်ငွေကြေးဟု ဆိုရမည်။ CBDC သည် ငွေစက္ကူကို အစားထိုးရန် သို့မဟုတ် အတူယှဉ်တွဲရှိနေမည့် ငွေပေးချေမှု ပုံစံသစ်တစ်ခုလည်းဖြစ်သည်။ Blockchain နည်းပညာမှ ပံ့ပိုးပေးထားသော တရားဝင် ဒီဂျစ်တယ်မျိုးဆက် သစ်တစ်ခု အဖြစ် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာအတွက် အသုံးဝင်သော ဒီဂျစ်တယ်ငွေကြေး စနစ်လည်းဖြစ်လာမည်ဖြစ်သည်။ အင်အားကြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားသည် CBDC ၏ ကောင်းကျိုးဆိုးကျိုးများနှင့် ပတ်သက်၍ ယနေ့ထက် တိုင် သုံးသပ်နေရဆဲဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသည် CBDC ငွေကြေးအဖြစ် e-yuan (e-CNY) ကို ဖန်တီးခြင်းဖြင့် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီ ဖြစ်သည်။
တရုတ်ပြည်သူ့ဘဏ် (PBOC)သည် (၂၀၁၄)ခုနှစ်ကတည်းက ဗဟိုအစိုးရက ချုပ်ကိုင်သော ဒီဂျစ်တယ်ငွေကြေး ဆိုင်ရာ မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်ပုံစံများကို စတင်လုပ်ဆောင်ခဲ့သည်။ မူလက ဒီဂျစ် တယ်ငွေ ကြေး/အီလက်ထရွန်နစ်စနစ် (DCEP) ပရောဂျက်အဖြစ် စိတ်ကူးထားပြီး e-CNY ကို (၂၀၁၉) ခုနှစ်တွင် ရှေ့ပြေး အဖြစ် စတင်မိတ်ဆက်ခဲ့သည်။ ပရောဂျက်၏ တရားဝင်စာချုပ်အရ e-CNY ကို နေ့စဉ်ငွေ ပေးချေမှုများအတွက် ပြည်တွင်းသုံး CBDC အဖြစ် အဓိကဖန်တီးထားသော်လည်း မကြာမီကာလအတွင်း ယင်းကို နိုင်ငံတကာအသွင်သို့ ကူးပြောင်းရန် ဆန္ဒရှိနေသည်။ ၎င်းကို အသုံးပြုသည့် အရေအတွက်နှင့် ပတ်သက်၍ တရားဝင်ကိန်းဂဏန်းများမရှိသော် လည်း PBOC မှထုတ်ပြန်ချက်များအရ ဒီဂျစ်တယ် ပိုက်ဆံအိတ် (၂၆၁) သန်း ရှိကြောင်းဖော်ပြနေသည်။
တရုတ်နိုင်ငံ၏ ခေတ်မီမြို့ကြီးများဖြစ်သည့် ရှန်ကျန်း၊ စုကျိုး၊ ချန်ဒူးနှင့် ရှောင်အန်းတို့တွင် စတင်စမ်းသပ် အသုံးပြုလျက် ရှိနေသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဖြန့်ကြက်အသုံးပြုနိုင်ရန်ကိုမူ စောင့်ဆိုင်း နေဆဲဖြစ်သည်။ လက်ရှိစမ်းသပ်မှုများ ၏ရလဒ်များကို အပြည့်အဝအကဲဖြတ်ပြီးပါက တစ်နိုင်ငံလုံး အတိုင်းအတာ အသုံးပြုနိုင်/မပြုနိုင် ကို ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး GDP ကို ကိုယ်စားပြုနေသည်။ ၎င်းသည် ငွေသားမဟုတ်သော စီးပွားရေးလုပ်ငန်းစုများအဖြစ် အသွင်ကူး ပြောင်းရန်အတွက် Alipay, WeChat Pay နှင့် UnionPay ကဲ့သို့သော ပလက် ဖောင်းများကို ဖန်တီးကာ ဒီဂျစ်တယ် ငွေကြေးကဏ္ဍတွင် ရှေ့မှဦးဆောင်နေသည်။ SWIFT ၏ အချက်အလက်များအရ ယွမ်ငွေ (RMB) သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများ အတွက် စတုတ္ထမြောက် အများဆုံး ငွေကြေးဖြစ်လာသည်။
ဒီဂျစ်တယ်ယွမ် (e-yuan)ကို ထုတ်လုပ် ရခြင်း၏ ရည်ရွယ်ချက်သည် ဆန်းသစ်တီထွင်မှု တစ် ခုသာမကဘဲ တရုတ်၏ နိုင်ငံတော်အာဏာတည်မြဲ ခိုင်မာရေးအတွက်လည်း အထောက်အပံ့တစ်ခုဖြစ် လာနိုင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်က blockchain ၏အလားအလာကို အပြည့်အဝရရှိအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း အလေး ပေးပြော ကြားခဲ့ဖူးသည်။ e-yuan သည် ကုန်သွယ်မှု၊ အခွန်ကောက်ခံမှုနှင့် ကြွေးမြီများဆိုင်ရာ မဟာဗျူဟာ စီမံခန့်ခွဲမှု နှင့်ဆက်စပ်သော အမျိုးသားအကျိုးစီးပွားအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်သည့် ဒီဂျစ်တယ် ငွေကြေးမူဝါဒကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။ တစ်ဖန် ပြည်တွင်း၌ ၎င်း၏လည်ပတ်မှု တိုးပွားလာခြင်းနှင့်အမျှ ကွန်ရက်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး (FININT) အချက်အလက်များကို စုဆောင်းလာ နိုင်မည်ဖြစ် သည်။
ထိုကဲ့သို့ AI စနစ်များနှင့် big data ခွဲခြမ်း စိတ်ဖြာမှုတို့အပေါ် အခြေခံထားသော အရောင်းအဝယ်အားလုံးကို စောင့်ကြည့်ခြင်းဖြင့် သံသယဖြစ်ဖွယ် အပြုအမူပုံစံများကို ရှာဖွေဖော်ထုတ်နိုင်ပြီး အကြမ်းဖက်၊ ရာဇဝတ်မှု၊ အဖျက် အမှောင့်၊ အတိုက်အခံ သို့မဟုတ် ခွဲထွက်ရေးနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်များကို ခြေရာခံလာနိုင်မည်ဖြစ်သည်။
ကော်ပိုရိတ် stablecoins, crypto currencies' တို့နှင့် မတူသော CBDC ၏ ထူးခြားချက်မှာ အမျိုးသား ရေးဝါဒကို ရှေ့တန်းတင်နိုင်ခြင်း ဖြစ်သည်။ ယင်းမှာ စတုတ္ထစက်မှုတော်လှန်ရေး၏ ဒီဂျစ်တယ်ခေတ်တွင်လည်း အမျိုးသားရေးဝါဒ ထွန်းကားလာနိုင်ကြောင်း သက်သေပြနေသည်။ e-CNY သည် ပြည်တွင်းရှိ တရုတ်လူမျိုးများ၏ အမျိုးသားရေး စိတ်ဓာတ်ကို ခိုင်မာစေရန် စွမ်းဆောင်နိုင်သကဲ့သို့ တရုတ်နိုင်ငံ၏ ‘‘ soft power”ကို နိုင်ငံရပ်ခြားတွင် ပျံ့နှံ့စေရေးအတွက် အလားအလာတစ်ခုလည်းဖြစ်နေသည်။ နိုင်ငံရေး ဘောဂဗေဒ၏ သဘောတရားအရ ငွေကြေး၏ အဆင့်အတန်းသည် နိုင်ငံတော်၏အာဏာ၊ ကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာတို့ကို ထင်ဟပ်စေသော ဂုဏ်သိက္ခာရှိသည့် ကြေးမုံပြင်တစ်ခုလည်း ဖြစ်သည်။
အထူးသဖြင့် e-trade မှတစ်ဆင့် မက်ခရိုနှင့် လက်လီစီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု ကြီးထွားလာသောကြောင့် ဒီဂျစ်တယ်ငွေကြေးစနစ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ e-CNY သည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP)၊ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (BRI)၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် နယ်စပ်ဖြတ်ကျော် ဘဏ်ငွေပေးချေမှုစနစ် (CIPS) ကဲ့သို့သော တရုတ် ဦးဆောင်သည့် အထင်ကရ ပထဝီဝင်စီးပွားရေးစီမံကိန်းများတွင် ပါဝင်လာ နိုင်သည်။ ထို့ပြင် အာရှ၊ အရှေ့အလယ်ပိုင်း၊ လက် တင်အမေရိကနှင့် အာဖရိကရှိ တရုတ်စီးပွားရေး မိတ်ဖက်များကို ပေးအပ်သော ချေးငွေနှင့် ဖွံ့ဖြိုးရေးအကူ အညီများတွင်လည်း e-CNY က ပါဝင်ပတ်သက်လာ မည်ဖြစ်သည်။
ယခုအခါ PBOC မှပိုင်ဆိုင်သော တရုတ်ငွေကြေးအင်စတီကျုသည် လုပ်ငန်းလည်ပတ်နိုင်သော multi-CBDC bridge ပရောဂျက် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆွစ်ဇာလန်အခြေစိုက် နိုင်ငံတကာ ငွေပေးချေရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ၎င်းသာ အောင်မြင်ပါက နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို အပြန်အလှန် လုပ်ဆောင်နိုင်မည့် ငွေကြေးဆိုင်ရာ အခြေခံ ပလက်ဖောင်းတစ်ခုရရှိ လာမည်ဖြစ်သည်။ တစ်ဖန် ဟောင်ကောင်၏ အနေအထားသည် ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးဝန်ဆောင်မှုပလပ်ဖောင်းတစ်ခုအဖြစ် အသုံးချရန် အလားအလာရှိသော နေရာတစ်ခုဖြစ်လာနိုင်သည်။ ဤသို့ဖြင့် ကြီး ထွားလာသော နိုင်ငံတကာချိတ်ဆက်မှုနှင့် ဈေးကွက် ချဲ့ထွင်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု များအတွက် e-CNY ကို အသုံးပြုလာကြမည် ဖြစ်သည်။
သို့တိုင် နိုင်ငံတကာတွင် e-CNY အသုံးပြုလာနိုင်မှုနှင့် ပတ်သက်၍မူ သေချာပေါက် အာမ မခံနိုင်သေးပါ။ ထိုကဲ့သို့ နိုင်ငံတကာကို ချဲ့ထွင် ရာတွင်မူ သံခင်းတမန်ခင်း၊ ခေါင်းဆောင်ပိုင်းနှင့် သဘောတူညီမှုများကို ကျော်လွှားရန် လိုအပ်မည်ဖြစ် သကဲ့သို့ စည်းဘောင်များ၊ နည်းပညာနှင့် တရားစီရင် ရေးဆိုင်ရာ ပြဿနာများစသော အပြန်အလှန် ညှိ နှိုင်းရမည့်ကိစ္စများကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရဦးမည်ဖြစ်သည်။
ဒီဂျစ်တယ်ငွေကြေးကို မူလက နိုင်ငံတော် အာဏာလွှမ်းမိုးချယ်လှယ်မှုကို ဖယ်ရှားနိုင်ရန် အတွက် တီထွင်ခဲ့ သော်လည်း ယခုအခါ ပါဝါနိုင်ငံရေးတွင် ဒီဂျစ်တယ်ငွေကြေး၏ အခန်းကဏ္ဍက လွှမ်းမိုးလာခဲ့ပြီဖြစ်သည်။ ဗဟိုချုပ် ကိုင်မှုကင်းသော cryptocurrencies နှင့် ကော်ပိုရိတ် crypto-asset များသည် နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံပိုင်လုပ်ငန်း၊ ပဋိပက္ခများ၊ ပါဝါပြိုင်ဆိုင်မှုများနှင့် ပထဝီဝင်နိုင်ငံ ရေးတို့တွင် ပါဝင်ပတ်သက်မှုများရှိလာခဲ့ပြီး အထူးသဖြင့် CBDC များက ပို၍ ကြီးမားသော သက်ရောက်နိုင်စွမ်းများ ရှိလာလေသည်။
ယခုအခါ တရုတ်သည် ပိုမိုရှုပ်ထွေးသော၊ သမားရိုးကျ မဟုတ်သော e-finance ၏ ပြိုင်ဆိုင်မှု ပြင်းထန်သော နယ်ပယ်တွင် ၎င်း၏ ကိုယ်ပိုင်ဒီဂျစ်တယ် ငွေကြေးကို စတင်မိတ်ဆက် အသုံးပြုလာပြီး ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ရန် လည်း စိတ်ကူးလျက် ရှိနေသည်။ တရုတ်၏ e-CNY သည် ခြေလှမ်းအစဖြစ် သော်လည်း ၎င်း၏ အလားအလာက မျှော်မှန်းထား သည်ထက် ပိုနေသည်။ CBDC ဘဏ်လုပ်ငန်းစနစ် သည် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေစိုးမိုးရေး တို့တွင်လည်း အတိအကျ လိုက်နာဆောင်ရွက်ကာ တရုတ်ဘဏ္ဍာရေးစနစ်ကို ခိုင်မာသော ကျောထောက်နောက်ခံ တစ်ခုအဖြစ် ရပ်တည်ပေးနေမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့ပထဝီဝင် နိုင်ငံရေးနယ်ပယ်တွင် အဘက်ဘက်မှ အင်အားကြီးထွား လာသော တရုတ်သည် ဒီဂျစ်တယ် ငွေကြေးကဏ္ဍတွင်လည်း အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်လာဦးမည်ဖြစ်ပြီး e-CNY သည် ပြည်တွင်းသုံး ဒီဂျစ်တယ် ငွေကြေးဆိုသော်ငြား ၎င်း၏ ကောင်းမွန်သော အလားအလာများကြောင့် နိုင်ငံတကာသုံး အဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိ/ မရှိကိုမူ ဆက်လက်လေ့လာ စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခွေး(၃၈)ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ