ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
တင်ဇာ (NSS) - အောက်တိုဘာ ၂၃
(၂၀၂၄) ခုနှစ် ဩဂုတ်လ (၅) ရက်တွင် ရှိတ်ဟာစီနာ၏ (၁၅) နှစ်ကြာအုပ်ချုပ်မှုကို အဆုံးသတ် စေခဲ့သော “ Gen Z တော်လှန်ရေး ” အပြီးတွင် ဘင်္ဂလားဒေ့ရှ်သည် ပြုပြင်ပြောင်းလဲရေး ခေတ်သစ် တစ်ခုဆီသို့ ကူးပြောင်းလာခဲ့ပြီဖြစ်သည်။ အဆိုပါ တော်လှန်ရေးသည် စစ်မှုထမ်းဟောင်းများနှင့် အာဏာရ အဝါမီလိဂ်ပါတီ၏ ဆွေမျိုးသားချင်းများကို မျက်နှာသာပေးသည့် အငြင်းပွားဖွယ်ရာ အစိုးရ အလုပ်ခွဲတမ်း အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းသားများဦးဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ် သည်။ အာဏာပိုင်များ၏ အပြင်းအထန်ဖြိုခွင်းမှုများကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအသွင် အလျင်အမြန်ကူးပြောင်းသွားခဲ့ပြီး အနည်းဆုံး လူ (၆၅၀) ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ များတွင် ဖော်ပြထားသည်။ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ဆန္ဒပြသူများသည် ဟာစီနာ၏နေအိမ်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းကြောင့် ၎င်းမှာထွက်ပြေးသွားခဲ့ရသည်။ ထို့နောက် ဩဂုတ်(၈)ရက်တွင် သမ္မတက ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်က ဘင်္ဂ လားဒေ့ရှ်၏ ယာယီအကြံပေးအရာရှိချုပ် (ဝန်ကြီးချုပ် ရာထူးနှင့် ပုံစံတူ)အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည်။ ကြားဖြတ်အစိုးရကို ကျောင်းသားများ၊ စစ်တပ်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့က ညှိနှိုင်း၍ ဖွဲ့စည်းခဲ့ကြပြီး ၎င်းအစိုးရက ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပ ပေးမည်ဟု ကတိပြုခဲ့သည်။
ဖရိုဖရဲအခြေအနေများ
ယခင်အစိုးရလက်ထက်တွင် ဖိနှိပ်မှုများကို သိသိသာသာခံစားခဲ့ရသည့် BNP နှင့် Jamaat-e-Islami ကဲ့သို့သော နိုင်ငံရေးပါတီများသည် ကြားဖြတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြု ထားသော်လည်း အဝါမီလိဂ်ပါတီမှာမူ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်နေသည် ဟု ဝေဖန်နေကြသည်။ ဟာစီနာ ထွက်ခွာသွားပြီးကတည်းက အမေရိကန်တွင်နေထိုင်သော သားဖြစ်သူ Sajeeb Wazed Joy သည် မီဒီယာများစွာနှင့် စကားပြောဆိုခဲ့သည်။ ၎င်း၏အမေက အမှန်တကယ် နုတ် ထွက်သွားခြင်းမဟုတ်သလို စည်းမျဉ်းများအရလည်း ဝန်ကြီးချုပ်ဖြစ်နေဆဲဟု ဖော်ပြထားသည့် ဗီဒီယို မက်ဆေ့ချ်ကိုလည်း လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
Joy ၏ သတင်းမက်ဆေ့ချ်များတွင် BNP ပါတီ ကိုထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲအတွက် တွန်းအားပေးဖို့တိုက်တွန်းထားသကဲ့သို့ တန်ပြန်တော်လှန်ရေးအတွက် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များ နှင့် တက်ကြွလှုပ်ရှားသူများကို ပြန်လည်စုစည်းကြရန် တိုက်တွန်းမှုများကဲ့သို့ ဒွိဟ ဖြစ်ဖွယ် သတင်းစကားများ ပါဝင်နေသည်။ ထိုကဲ့သို့သော Joy ၏ သတင်းစကားထုတ်ပြန်ချက်များပြီးနောက် ဟာစီနာ၏ဇာတိခရိုင် ဖြစ်သလို ပါတီအမာခံနယ်မြေလည်းဖြစ်သည့် Gopalganj တွင် အဝါမီလိဂ် ပါတီ ဝင်များသည် ဆန္ဒပြပွဲကြီးတစ်ခုဆင်နွှဲပြီး တာဝန်ကျတပ်ဖွဲ့ဝင်များကိုပင် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အဝါမီလိဂ်ပါတီကို အစဉ် အလာအရထောက်ခံသည့် ဟိန္ဒူလူနည်းစုများကလည်း ဆန္ဒပြမှုများ ပြုလုပ် ခဲ့ကြသည်။ ဟာစီနာ ရာထူးမှဖြုတ်ချခံရပြီးနောက် ဟိန္ဒူဘာသာဝင် ဒါဇင် ပေါင်းများစွာ သေဆုံးခဲ့ရ သည်ဟု အိန္ဒိယမီဒီယာအချို့က အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ခဲ့ကြသည်ဟု သိရသည်။ အမှန်တကယ်တွင် ရအရာရှိတစ်ဦးနှင့် အဝါမီလိဂ်ခေါင်းဆောင်တစ်ဦးတို့ သာသေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်များမှာ လူမျိုးရေးအရ မဟုတ်ဘဲ နိုင်ငံရေးကြောင့်သာ ဖြစ်ပွားခဲ့သည်ဟု ရှု မြင်နိုင်သည်။
အဝါမီလိဂ်တက်ကြွလှုပ်ရှားသူများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် လူမျိုးရေးလှုံ့ဆော်မှုများ ဖြစ်ပွားစေရန်အတွက် ဟိန္ဒူများကို တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ဒေသ တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် Chhatra League အဖွဲ့ဝင်များ အကြား WhatsApp မှပေါက်ကြားလာသော မက်ဆေ့ချ် များအရ ဂိုဏ်းဂဏတင်းမာမှုများကိုလှုံ့ဆော် ရန် ရည်ရွယ်၍ ဟိန္ဒူဘုရားကျောင်းများကို ကြိုကြားကြိုကြား တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။ ဤသို့ဖြင့် ရှိတ်ဟာစီနာ နိုင်ငံမှထွက်ပြေးသွား ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး သည် ဖရိုဖရဲအခြေအနေသို့ ဆိုက်ရောက်နေကြောင်း တွေ့ရသည်။
ကြားဖြတ်အစိုးရရင်ဆိုင်နေရသည့် စိန်ခေါ်မှုအသစ်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သစ်ဆီသို့ သွားသည့် လမ်းကြောင်းတွင် စိန်ခေါ်မှုများရှိနေသည်။ (၂၀၂၄) ခုနှစ် Global State of Democracy အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်သည် ဒီမိုကရေစီ အရည်အသွေး အမျိုးအစားသုံးမျိုးတွင် စွမ်းဆောင်ရည် နိမ့်ကျနေကြောင်းတွေ့ရှိရသည်။ ကိုယ်စားပြုမှု၊ အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတို့ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက အစိုးရ၏ အရေးယူဆောင်ရွက်မှုများ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဖရိုဖရဲဖြစ်နေ သော ပြည်တွင်းရေးနှင့်အတူ အဝါမီလိဂ်နှင့် BNP ပါတီ တို့ကြား ကာလရှည်ကြာ တင်းမာမှုများသည် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဟန့်တားနေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အကျပ်အတည်းမှာ Catch -22 ပုံစံပြဿနာ (ပြဿနာကို ဖြေရှင်းနည်းသည်လည်း ပြဿနာဖြစ်နေခြင်းပုံစံ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲဖြစ်နေသည်။ ရွေးကောက်ခံမဟုတ်သော အစိုးရ တစ်ရပ်သည် ပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်းပါက ပြုပြင်ပြောင်းလဲမှုများသည် တရားဝင်မှု ကင်းမဲ့နိုင်သလို ပြုပြင် ပြောင်းလဲမှုများမရှိလျှင်လည်း ရွေးကောက်ပွဲသည် တရားဝင်မည်မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးများ အရေးတကြီးလိုအပ်နေသည်ကို လေ့လာနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒီမိုကရေစီ အရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ MD Abdul Alim နှင့် IDEA တို့၏ အင်တာဗျူးမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြလိုက်သည်။
လိုအပ်နေသော ပြုပြင်ပြောင်းလဲရေးကဏ္ဍများ
ရွေးကောက်ပွဲကျင်းပရာတွင် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင် (BEC) သည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို အဓိက ချမှတ်သွားမည်ဖြစ်ပြီး ဥပဒေစိုးမိုးရေးဆိုင်ရာအေဂျင်စီများနှင့် ဒေသန္တရ အုပ်ချုပ်ရေးရုံးများသည် မြေပြင်တွင် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအေဂျင်စီ များသည် နိုင်ငံရေးအရ အရေးပါသည်ဟုဆိုရမည်။ အထူးသဖြင့် လွန်ခဲ့သော (၁၅) နှစ်အတွင်း ၎င်းတို့ သည် အတိုက်အခံများ၏ မဲဆွယ်စည်းရုံးခြင်း၊ မဲရုံများမှ အတိုက်အခံဘက်မှ စောင့်ကြည့်ရေး ကိုယ်စား လှယ်များကို နှင်ထုတ်ခြင်းစသော အုပ်ချုပ်သူအစိုးရကိုသာ သစ္စာရှိသည့်လုပ်ရပ်များကို ပြုမူခဲ့သည်။ ထို့ ကြောင့် ကြားဖြတ်အစိုးရအနေဖြင့် ထိုသို့သော အဖွဲ့အစည်းများကို လာမည့်ရွေးကောက်ပွဲမတိုင်ခင် ဘက်လိုက်မှုကင်းသော အဖွဲ့အစည်းများအဖြစ် ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဥပဒေ ပြဋ္ဌာန်းချက်များ သတ်မှတ်ထားခြင်းမရှိသောကြောင့် BEC သည် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေး နှင့်ပတ်သက်၍ ၎င်း၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင်ရှိမည့် အေဂျင်စီ များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးများကို လိုအပ်နေသည်။ ထိုမျှသာမက ရွေးကောက်ပွဲကျင်းပရန်လိုအပ်သည့် အခြား နိုင်ငံ တော်အဆင့် အဖွဲ့အစည်းဖြစ်သည့် တရားစီရင်ရေးကဏ္ဍတွင် အုပ်ချုပ်ရေးယန္တရား၏ ဝင်ရောက် စွက်ဖက်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲကော်မရှင်နာချုပ်နှင့် အခြား ရွေးကောက်ပွဲကော်မရှင်နာများခန့်အပ်မှု အက်ဥပဒေ (၂၀၂၂) သည် ကော်မရှင်နာများကို ရွေးချယ်ရာတွင် နိုင်ငံတကာလမ်းညွှန်မူများနှင့်ကိုက်ညီမှုမရှိသည့် အပြင် အရည်အချင်းပြည့်မီသော ကော်မရှင်နာများကို ခန့်အပ်ရန်လည်း ပြဋ္ဌာန်းထားခြင်းမျိုး မပါရှိပေ။ ထို့ကြောင့် ကြားဖြတ်အစိုးရအနေဖြင့် လူထုယုံကြည် လက်ခံနိုင်လောက်သော ရွေးကောက်ပွဲ ကော်မရှင် နာ များကို ခန့်အပ်နိုင်ရန်အတွက် ဥပဒေကိုပြင်ဆင်ရန် သို့မဟုတ် အသစ်ထုတ်ပြန်ရန် လိုအပ်မည်ဖြစ် သည်။ သို့ဖြစ်ပါ၍ ကြားဖြတ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပြုပြင်ပြောင်းလဲရန်မှာလည်း အရေးကြီးသည့်ကိစ္စ ဖြစ်နေသည်။
ကြားဖြတ်အစိုးရကို ရွေးကောက်ပွဲ ချက်ချင်းကျင်းပရန် ဖိအားများရှိနေပြီး အချို့က ခြိမ်းခြောက် မှုများပင် ပြုလုပ်ကြသည်။ သို့သော် ပြုပြင်ပြောင်းလဲမှု တစ်စုံတစ်ရာမရှိဘဲ ရွေးကောက်ပွဲများကျင်းပ ပါက ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲများတွင် ထင်သာမြင်သာရှိသော ပြောင်းလဲမှုများ ရှိလာမည် မဟုတ်ပေ။ ဥပမာအနေဖြင့်(၁၉၇၁)ခုနှစ်ကတည်း ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ (၁၂) ခုအနက် လေးခုသည် ပါတီစွဲကင်းသော အိမ်စောင့်အစိုးရ၏ အစီအစဉ်ဖြင့်ကျင်းပခဲ့ပြီး ယင်းရွေး ကောက်ပွဲများသည် အများအားဖြင့် လွတ်လပ်၍တရားမျှတသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် တက်လာသော အစိုးရများသည် အိမ်စောင့်အစိုးရများထံမှ အတုယူသင်ကြားခြင်းမရှိခဲ့ပေ။ ယင်းအစား အာဏာရအစိုးရများသည် ၎င်းတို့အပေါ် သစ္စာစောင့်သိမည့် ရွေးကောက်ပွဲ ကော်မရှင်နာများကိုသာ ခန့်အပ်ခဲ့သည်။
ယခုအခါ ကြားဖြတ်အစိုးရသည် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား အကျယ်အပြန့် ပြုပြင်ပြောင်းလဲခြင်း၊ ပြည်သူ့ ကိုယ်စားပြုမှု ဥပဒေ (၁၉၇၂)၊ ရွေးကောက်ပွဲအရာရှိ များ ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေစသည်တို့ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် BEC ကို နိုင်ငံသားများအားကိုယ်စားပြုသည့် အဖွဲ့ အစည်းအဖြစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဘင်္ဂလားဒေ့ရှ်တွင် စစ်မှန်သော ဒီမိုကရေစီရွေးကောက်ပွဲများကျင်းပနိုင်ရန် ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ အမှန် တကယ် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဘင်္ဂလားဒေ့ရှ်တွင် အစိုးရကိုဖြုတ်ချနိုင်သည်ထိ လူထုလှုပ်ရှားမှုများက အားကောင်းခဲ့သော်လည်း ၎င်းအစိုးရအလွန် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများမှာ မျှော်မှန်းထားသည်ထက် ခက်ခဲနေသည်။ ကြားဖြတ်အစိုးရအနေဖြင့် တာဝန်ယူစက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲများကို ကျင်းပပေးမည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ် သည့် ပြုပြင်ပြောင်းလဲမှုများကိုမူ အချိန်ယူ လုပ်ဆောင်နေရသည်။ ထို့ကြောင့် ရွေးကောက်ပွဲမှာလည်း ထင်ထားသလို စောလျင်စွာ ကျင်းပနိုင်မည်မဟုတ်သလို လူထုအနေဖြင့် ကြားဖြတ်အစိုးရအပေါ် ယုံကြည်မှုများလည်း လျော့ကျလာနိုင်သည်။ ထို့ကြောင့် ဘင်္ဂ လားဒေ့ရှ်တွင် လူထုအုံကြွမှုများဖြင့် ၎င်းတို့ မလိုလားသည့်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်ဟုဆိုသည့်တိုင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် အနာဂတ်နိုင်ငံရေး အနေအထားကမူ မျှော်မှန်းထားသလို အဆင်ပြေ ချောမွေ့နေခြင်းမရှိဘဲ ဒီမိုကရေစီ လမ်းခရီးမှာ မရေမရာ ဝေဝါးနေဆဲဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ