နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
Pika (NSS) - စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံရှိ ပျက်စီးနေသော ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ထားသော နျူကလီးယားစွန့်ပစ်ပစ္စည်းများကို ပင်လယ်ထဲသို့စွန့်ပစ်မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း တရုတ်အစိုးရက စက်တင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "သန့်စင်ထားတဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေအရ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင်လုပ်ဆောင်ဖို့၊ လူ နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ဖို့၊ အဏ္ဏဝါပတ်ဝန်းကျင်နဲ့ အဏ္ဏဝါဗေဒအပေါ် သက်ရောက်မှုရှိတဲ့ အကဲဖြတ်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဂျပန်ဘက်က သဘောတူညီခဲ့ပါတယ်"ဟု သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စည်းကမ်းသတ်မှတ်ချက်များ နှင့် စံနှုန်းတို့ဖြင့်ကိုက်ညီသော ဂျပန်နိုင်ငံ၏ပင်လယ်စာများ တင်သွင်းမှုကိုလည်း ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။ဂျပန်အစိုးရသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဒီသတ္တိကြွရေဆိုးများကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ပြီးနောက် တရုတ်အစိုးရက ဂျပန်နိုင်ငံမှပင်လယ်စာတင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ရုရှားအစိုးရကလည်း အဆိုပါစွန့်ပစ်မှုများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ဖူးကြောင်းသိရသည်။ သန့်စင်ထားသော နျူကလီးယားစွန့်ပစ်ပစ္စည်းစွန့်ပစ်ရေးဆိုင်ရာ စောင့်ကြည့်ရေးလှုပ်ရှားမှုများတွင် ပြင်ပနိုင်ငံများကို ပါဝင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူညီခဲ့ပြီးနောက် တရုတ်နှင့်ဂျပန်နိုင်ငံကြားယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သို့ သော်လည်း ဂျပန်အစိုးရ၏ ရေဒီယိုသတ္တိကြွရေဆိုးများ ထုတ်လွှတ်မှုနှင့်ပတ်သက်ပြီး ၎င်း၏ပြတ်ပြတ်သားသားဆန့်ကျင်မှုများမှာ ပြောင်းလဲခြင်းမျိုးမရှိကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးများ ထုတ်လွှတ်နေသော ဂျပန်အစိုးရ၏လုပ်ရပ်ကို တရုတ်နှင့်အခြားနိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း