လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
ချယ်ရီ (NSS) - စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် အသက် (၁၂ နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ် တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲ)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)၊ နေ့လည်ပိုင်း ၂ နာရီ အချိန်ခန့်က လှိုင်းဘွဲ့မြို့၊ (က)ရပ်ကွက်၊ ဘုံလယ်ယာတူးမြောင်းမှ အထက်ပါ ပရဟိတအသင်းက ပြန်လည် သယ်ယူခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ဉာဏ်ရည်မမီတဲ့ ပုံစံမျိုး။ စကားလည်း သိပ်မပြောတတ်ဘူးပေါ့။ အရွယ်က ကျောင်းတက်တဲ့အရွယ်ပါ။ အရွယ်ကတော့ ၁၂ နှစ်အရွယ်လောက်တော့ရှိမယ်။ (အလောင်းက) တူးမြောင်းဘေးမှာ လယ်ကွင်းရှိတယ်၊ အဲဒီလယ် ကွင်းကမ်းဘေးမှာ တင်နေတယ်လို့ ပြောတယ်။ ကျွန်တော်တို့သွားတဲ့အချိန်ကတော့ ၂ နာရီလောက်ပေါ့။ နစ်တာက လေးငါးခြောက် နာရီလောက်ရှိမယ်ထင်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ အမျိုးသမီးငယ်၏ မိဘများ ပြောကြားချက်အရ သေဆုံးသူမှာ နံနက်ပိုင်းကပင် ပျောက်နေခြင်းဖြစ်ပြီး အခြားသူများနောက်သို့ လိုက်တတ်သည့် အကျင့်လည်းရှိကြောင်း ၎င်းက ဆိုသည်။
“ဒီလိုမျိုးမိုးတွင်းကာလမှာဆိုတော့ ကလေးတွေကို တစ်ယောက်တည်းတော့ မလွှတ်သင့်ဘူးပေါ့နော်။ ကလေးမိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို သတိထားသင့်တယ်။ သူတို့ဘက်အခြမ်းက တူးမြောင်းတွေက ရေအရမ်းနက်တယ်လေ။ ချောင်းတို့၊ တူးမြောင်းတို့နီးတဲ့အခြမ်းဆိုတော့ သတိထားသင့်တယ်ပေါ့နော်။ ရေကတော့ ပုံမှန်ထက်ပိုပြီး နက်နေတယ်။ ကျွန်တော်တို့ အရပ်ထက်ပိုပြီး ကျော်တယ်” ဟု အထက်ပါတာဝန်ရှိသူက အကြံပြု ပြောသည်။
ထို့နောက် အမျိုးသမီးငယ်၏ရုပ်အလောင်းအား လှိုင်းဘွဲ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ညနေပိုင်း ၆ နာရီအချိန်ခန့်တွင် လှိုင်းဘွဲ့သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ရက်ကလည်း ပဲခူးတိုင်ဒေသကြီး၊ ပြည်မြို့တွင် တောင်ကျရေ ဆင်းသည့်မြောင်းအတွင်းသို့ မျောပါသွားသည့် မောင်ဖြစ်သူအား အစ်မဖြစ်သူက လိုက်လံကယ်ရာမှ မောင်နှမ(၂)ဦးစလုံး ရေနစ်သေဆုံးသွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း