အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၅ရက်)၊ ည ၁၁နာရီ ၃၈မိနစ်အချိန်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂) လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝင်တိုက်တဲ့ကားက အိမ်စီးကားပါ။ အင်းစိန်ကလိုင်စင်နဲ့ ကားပါ။ ရပ်ထားတဲ့ ကွန်တိန်နာကားကို နောက်ကဝင်တာ။ တိုက်ထားတဲ့ အရှိန်နဲ့ ကားခေါင်းထဲလူနာက ညပ်နေတာ။ ဘယ်လိုဖြစ်ပြီးတိုက်တာလဲဆိုတာတော့ သက်ဆိုင်ရာက စစ်ဆေးနေတုန်းပါ။ ကြည့်ရတာတော့ သင်္ဃန်းကျွန်း၊ စံပြဈေးဘက်က လာရင်းနဲ့ တိုက်မိတာလို့ ယူဆရပါတယ်။ အရှိန်ကတော်တော်ပြင်းတယ်”ဟု ရှင်သန်ခွင့်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်မှ အသက်(၃၉)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာပါတဲ့ အုန်နာစာအုပ်နဲ့ လိုင်စင်ကိုကြည့်ပြီးပြောရရင်တော့ (၁၉၈၅)ခုနှစ်လို့ပြောတယ်။ အဲဒီတော့ အသက်(၃၉)ပေါ့။ ကားခေါင်းထဲမှာ ညပ်နေတော့ ဆွဲထုတ်ပြီးဆေးရုံပို့ပေးခဲ့တာပါ။ မိသားစုနဲ့အဆက်အသွယ်ရဖို့ကတော့ သက်ဆိုင်ရာက အကုန်ဆက်လုပ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်၊ ညပိုင်းကလည်း ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ် လှည်းတန်းဂုံးတံတားအောက်ရှိ အုတ်နံရံကို Honda Fit ကားတစ်စီးက အရှိန်လွန် ဝင်တိုက်မိရာ အမျိုးသား(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း