ရန်ကုန်မြို့တွင် စက်သုံးဆီတန်းစီဝယ်ရမှုများထပ်မံဖြစ်ပွားလာပြီး ဈေးအနည်းငယ်မြင့်တက်လာကာ ဒေသခံများအခက်တွေ့နေ
သန့်ဇင် (NSS) - ဩဂုတ် ၃၁
ရန်ကုန်မြို့တွင် စက်သုံးဆီတန်းစီဝယ်ရမှုများထပ်မံဖြစ်ပွားနေပြီး ဈေးနှုန်းမြင့်တက်လာကာ ဒေသခံများအခက်တွေ့နေကြောင်း NSS သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ဩဂုတ်လ ၃၀ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားများတန်းစီတိုးဝှေ့ဝယ်ယူနေရပြီး စက်သုံးဆီဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
“မနေ့ကတည်းက တန်းစီပြီးဝယ်နေရတာ။ အစ်မတို့ရုံးက ကားသမားတွေတောင် တန်းစီရတာက အရင်လို ညအိပ်ပြီးတန်းစီဝယ်ရတော့ မလားဆိုပြီး ငြီးငြူနေကြတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် စက်သုံးဆီဈေးနှုန်းများမှာလည်း ယခင်ကထက် အနည်းငယ်ထပ်မံမြင့်တက်လာခဲ့ပြီး (92)ဓာတ်ဆီ တစ်လီတာလျှင် ကျပ် (၃၁၀၀)နှင့် (95)ဓာတ်ဆီ တစ်လီတာလျှင်( ၃၂၉၅) ကျပ်အထိ မြင့်တက်ခဲ့လာခဲ့ကြောင်း သိရသည်။
“ဓာတ်ဆီဈေးနှုန်းတွေကလည်း တက်လာတယ်။ ရန်ကုန်မှာက (92)ကိုတောင် ကျပ်(၃၁၀၀)ပေးဝယ်နေရတာ။ ကျွန်တော်က ဒီနေ့ ပုသိမ်သွားတော့ ပုသိမ်မှာလည်း ကျပ်(၃၁၆၀)ပေးဝယ်နေရတယ်။ ဒီမှာလည်း တန်းစီဝယ်နေရတာပဲ”ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့သည် စက်သုံးဆီအဓိကတင်သွင်းဖြန်ဖြူးမှုပြုလုပ်သည့် မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်ပါက အခြားပြည်နယ်နှင့်တိုင်းရှိမြို့ကြီးများတွင် ရန်ကုန်မြို့ထက်ပို ဆိုးရွားစွာ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်မြို့အပါအဝင် အခြားတိုင်းနယ်ပြည်နယ်ရှိမြို့ကြီးများတွင် စက်သုံးဆီ တိုးဝှေ့တန်းစီဝယ်ယူခဲ့ရပြီးနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း(၁၀ဝ)ပံ့ပိုးပေးခဲ့ရာ ပြန်လည်အဆင်ပြေခဲ့သော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်တန်းစီဝယ်ယူရခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းသုံးစွဲမှုအရ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၄၀၀)ခန့် တင်သွင်းသုံးစွဲနေရကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ (၃၁)ရက်နေ့တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ(PPRD)က (၉၂ ) တစ်လီတာလျှင် (၃၁၀၀) ကျပ် နှင့်(၉၅)တစ်လီတာလျှင် (၃၁၂၄) ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင်(၂၆၅၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကား တိမ်းမှောက်မှုဖြစ်ပွား ရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ (၉)ဦး ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း