ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအနာဂတ်နှင့် အိန္ဒိယ၊ တရုတ်၊ အမေရိကန်တို့၏ သဘောထားများ (ဘာသာပြန်ဆောင်းပါး)
ALynn (NSS) - ဩဂုတ် ၂ဝ
အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေအပြီး ဝန် ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နူတ်ထွက် သွားတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း “ဒုတိယအကြိမ် မြောက်လွတ်လပ်ရေးရရှိခြင်း” အဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။ သို့သော် (၁၉၇၁) ခုနှစ် တော်လှန်ရေးနောက်ပိုင်း ကမ္ဘာ့သက်တမ်းအရှည်ဆုံး အမျိုးသမီး ခေါင်းဆောင် တစ်ယောက်ကိုဖြုတ်ချခြင်းက နိုင်ငံတွင်း အဆိုးရွားဆုံး နိုင်ငံရေးအခြေအနေတစ်ရပ် ကိုလည်း ဦးတည်သွားစေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ တည်ငြိမ်မှု မရှိတဲ့အခြေအနေတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး နဲ့ လုံခြုံရေးဆိုင်ရာအကွဲအပြဲတွေကို ဖြစ်လာစေပါတယ်။ အဆိုပါပြဿနာ တွေကိုဖြေရှင်းဖို့ အတွက် စစ်တပ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက နိုင်ငံရေးအရ နားလည်မှုတစ်ခုကိုတည်ဆောက်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ ပြန်လည်တည်ဆောက်ရေး တို့အပြင် စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း အာရုံစိုက်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။
ရှိတ်ဟာစီနာ နုတ်ထွက်သွားတာနဲ့တစ် ပြိုင်နက် ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ဘင်္ဂလား ဒေ့ရှ် စစ်တပ်က ကြေညာခဲ့ပြီး ပါလီမန်ကို ဖျက်သိမ်း ခဲ့ပါတယ်။ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသား ရေး ပါတီ(BNP)မှ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်သွားတာက ပြည်တွင်းရေး အခြေအနေအရပ်ရပ်ကိုသာမက ကမ္ဘာ့ အင်အားကြီး နိုင်ငံတချို့အပေါ်မှာပါ ရိုက်ခတ်မှုတွေရှိလာပါတယ်။ အကြောင်းမှာ ယင်းနိုင်ငံကြီးတွေဟာ အရင်ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတာကြောင့် ခုလိုအခြေ အနေတွေဖြစ်ပွားတာက ၎င်းတို့ရဲ့ပယောဂတွေ ပါဝင်ပတ်သက်နေပါတယ်။
မရေရာဖြစ်လာသော အိန္ဒိယ၏နိုင်ငံခြားရေးမူဝါဒ
(၂၀ဝ၉) ခုနှစ်မှာ ဟာဆီနာ အာဏာရ လာပြီးနောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အလျင် အမြန်တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ ဟာဆီနာတို့ကြား နီးကပ်လာတဲ့ဆက်ဆံရေးကြောင့် ဆန္ဒပြပွဲ တွေမှာ အိန္ဒိယဆန့်ကျင်ရေး ကြွေးကြော်သံတွေ တသောသောထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် သူ ထွက်ခွာသွားမှုက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်ကြောင်း အရိပ်အငွေ့တွေ ခံစားမိပါတယ်။ အိန္ဒိယအနေနဲ့ ရှေ့ဆက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများစွာရှိလာပါတယ်။ ပထမ အချက်မှာ ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် Waker -Uz-Zaman က ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ ကြေညာ ထားပေမယ့် လည်း ၎င်းအစိုးရရဲ့ သဘောသဘာဝ ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။ ကြားဖြတ် အစိုးရက ဘယ်သို့သော နိုင်ငံရေးဦးတည်ချက် ထားရှိမယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ ဆက်ဆံရေး အပေါ် ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ အစိုးရသစ်နဲ့ ဆက်ဆံရေးကို တတ်နိုင်သမျှ အမြန်ဆုံးစတင်ရင် အသင့်တော်ဆုံးဖြစ်ပါတယ်။
ဒုတိယစိန်ခေါ်မှုမှာ အတိတ်က အိန္ဒိယရဲ့ ဟာဆီနာနဲ့နီးကပ်တဲ့ဆက်ဆံရေးကြောင့် ဘင်္ဂလား ဒေ့ရှ် အတိုက်အခံအဖွဲ့တွေနဲ့ အန္ဒိယအကြား ထိတွေ့ဆက်ဆံမှုမှာ မရှိသလောက်ရှားပါးခဲ့ခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ ပျက်ကွက်ခဲ့တဲ့ အတိုက်အခံတွေနဲ့ဆက်ဆံရေးကို ဖြည့်ဆည်းဖို့နဲ့ အိန္ဒိယ ဆန့်ကျင်ရေး သဘောထားတွေကို ဖြေလျှော့ဖို့ အတွက် ခိုင်မာတဲ့သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ BNP ဒါမှမဟုတ် Jamaat-e-Islami လို အစွန်းရောက် အစ္စလမ္မစ်အုပ် စုတွေနဲ့ အိန္ဒိယအကြားဆက်ဆံရေးကို ခိုင်မာအောင်လုပ်ရေးမှာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ ယင်း အဖွဲ့တွေက ကြားဖြတ်အစိုးရရဲ့နိုင်ငံရေးမူဝါဒအပေါ် လွှမ်းမိုးလာနိုင်တဲ့ အလားအလာတွေ ရှိနေ ပါ တယ်။ ဒါ့ပြင် ယင်းတို့က ပါကစ္စတန်တွေကို တံခါး ဖွင့်ကြိုဆိုလာနိုင်ပြီး ယင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ် အကြား လုံခြုံရေးကို အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ စတုတ္ထ အချက်မှာ ပါကစ္စတန်သာမက အိန္ဒိယဟာ တခြားသော အဓိက ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့လည်း ရင်ဆိုင်ရနိုင်ဖွယ်ရှိနေတယ်။ ဟာစီနာလက်ထက်မှာ တရုတ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းထား ပေမယ့်လည်း အိန္ဒိယနဲ့ သူရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံ စလုံးဟာ ရွေးကောက်ပွဲကာလအတွင်း ဟာစီနာရဲ့ ဗျူဟာတွေကို ပံ့ပိုးပေးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ် နာရင်ဒရာမိုဒီက ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယရဲ့ “အိမ်နီးနားချင်း ပထမဦးစားပေးမူဝါဒ” ရဲ့ အဓိက မဏ္ဍိုင်အဖြစ် ဖော်ပြခဲ့ဖူးပါတယ်။ ဟာစီနာဟာ မိုဒီရဲ့တတိယအကြိမ် ဝန်ကြီးချုပ် သက်တမ်း စတင် ချိန်မှာ အိန္ဒိယနိုင်ငံကို ပထမဆုံး လာရောက်တဲ့နိုင်ငံ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဟာဆီနာ နုတ်ထွက်ပြီးနောက် တရုတ်က ဘင်္ဂလားဒေ့ရှ်မှာ ၎င်းရဲ့ဩဇာကို ချဲ့ထွင်လာနိုင်ဖွယ် ရှိနေပါတယ်။ ယခု အခါ အိန္ဒိယရဲ့ ပထဝီနိုင်ငံရေး အနေအထားက အရှေ့ဘက်မှာအားနည်းပြီး မူဝါဒ မရေရာဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်၊ ကွန်မြူနစ်အစိုးရ ဦးဆောင်တဲ့ နီပေါ၊ မြောက်ဘက်နဲ့ အနောက်ဘက်မှာဖော်ရွေမှုမရှိတဲ့ တရုတ်နဲ့ ပါကစ္စတန်၊ အနောက်ဘက်အစွန်းအဖျားမှာ တာလီဘန် ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယ ဆန့်ကျင်ရေးဝါဒ ကြီးစိုးထားတဲ့ မော်လ်ဒိုက်တို့ ကြောင့် အိန္ဒိယရဲ့လုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တွေ ရှိလာနိုင်ပါတယ်။ ပဉ္စမအချက်အနေနဲ့ အိန္ဒိယဟာ ၎င်းရဲ့ အရှေ့မြောက်ဒေသကို ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်း သွား လာနေရတာကြောင့် ၎င်းအစီအစဉ်တွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့အတွက် ကြားဖြတ်အစိုးရသစ်နဲ့ မဖြစ်မနေ လက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မငြိမ်မသက် အခြေအနေတွေဟာ ပြည်တွင်းကအိန္ဒိယရဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေကို ခြိမ်းခြောက်နေပြီး နှစ်နိုင်ငံအကြား အလားအလာရှိပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက် (FTA) ဆွေးနွေးပွဲ တွေအပေါ်လည်း အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရနဲ့ ရှေ့ဆက်ဖို့ လမ်းစရှာရာတွင် သတိထားဖို့ လိုအပ်ပါမယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Harsh Vardhan Shringla ကမူ “အိန္ဒိယအတွက် ဒီအချိန်မှာ ရွေးချယ်စရာတွေ သိပ်အများကြီးမရှိဘူး၊ ကိုယ့်နယ်နိမိတ်ကိုယ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားဖို့ အရေးကြီးဆုံးပဲ” လို့ မှတ်ချက်ပြုထားပါတယ်။
ဟာဆီနာ နုတ်ထွက်သွားခြင်းအပေါ် တရုတ်၏ ရပ်တည်ချက်
ဟာဆီနာ ပြုတ်ကျသွားခြင်းက တရုတ်အတွက် အကောင်းရော၊ အဆိုးရော ဒွန်တွဲနေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်အထိ ဘေဂျင်းက ဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေတွေ နဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ချက်တွေကိုသာ ဖော်ပြခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်ရဲ့ တိုးတက်မှုတွေကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပါကြောင်း၊ ပြီးပြည့်စုံတဲ့ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အိမ်နီးချင်း မိတ်ဖက်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုတွေ မကြာခင် ပြန်လည်ရရမယ်လို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါကြောင်း ” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံက ဟာစီနာနဲ့အတူ စီးပွားရေးလုပ်ရာမှာ အတော်လေး အဆင်ပြေခဲ့ပြီး ဟာစီနာ ဟာနိုင်ငံမှမထွက်ခွာမီ တစ်လအလို ဇူလိုင်လမှာ ဘေဂျင်းကိုသွားရောက်ခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးကို “ ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု” အဆင့်သို့ မြှင့်တင်ခဲ့ပါ တယ်။ အလားတူ ခရီးစဉ်မှာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က သဘောတူညီချက် ၂၀ ကျော် ကိုလက်မှတ် ရေးထိုးခဲ့ပြီး တရုတ်နဲ့ဆက်ဆံရေးကို တိုးမြှင့်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နဲ့ အိန္ဒိယ ရဲ့အကျိုးစီးပွား တွေအကြား ဟန်ချက်ညီစေဖို့ ဟာဆီနာရဲ့ ကြိုးပမ်းမှုကြောင့် မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်အကြား ထိရှမှုတွေ ရှိခဲ့ပါတယ်။ ဘေဂျင်းက ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာချိန် မှာ ဒါကာက တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်မယ့် ဆိုနာဒီယာကျွန်းရှိ ရေနက်ဆိပ်ကမ်း ပရော ဂျက်တစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာရှိ အဆိုပါတရုတ်ဆိပ်ကမ်း စီမံကိန်းတွေဟာ ကုန်သွယ်ရေးအတွက်သာမက တရုတ်ထောက်လှမ်းရေးသင်္ဘောများပါ ဆိုက်ကပ်နိုင်တဲ့အတွက် အရေးပေါ်အခြေအနေတွေမှာ အိန္ဒိယကို ဝန်းရံထားနိုင်တယ်လို့ယူဆရတဲ့ ပထဝီ အနေအထားဖြစ်တာ ကြောင့် နယူးဒေလီအတွက် ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ယင်းစီမံကိန်းကို လက်မခံလိုက်ခြင်းက အိန္ဒိယအတွက် ကံကောင်းသွားသလို တရုတ် အတွက်တော့ မဟာဗျူဟာမြောက်ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပါတယ်။
အိန္ဒိယဘက် သိသိသာသာ ယိမ်းတဲ့ ရှိတ်ဟာစီနာ နုတ်ထွက်သွားတာကြောင့် တရုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ လွှမ်းမိုးလာနိုင်တယ်လို့ သုံးသပ်နေကြသော်လည်း အခုအချိန်ထိ ကြားဖြတ် အစိုးရနဲ့ပတ်သက်ပြီး ၎င်း၏ ရပ်တည်ချက်ကို အထင်အရှား ဖော်ပြလာတာမျိုးမရှိသေးပါဘူး။ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးရဖို့သာ လောဆောနေတာကြောင့် တရုတ်အနေနဲ့ ၎င်းရဲ့ နယ်စပ် လုံခြုံရေး အတွက်သာ စိုးရိမ်နေပုံရပါတယ်။
ဟာစီနာနုတ်ထွက်ရခြင်း၏ နောက်ကွယ်က အမေရိကန်
အမေရိကန်ဟာ ရှိတ်ဟာစီနာအစိုးရနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိခဲ့ပြီး မကြာခဏ ဆိုသလို တင်းမာမှုတွေနဲ့ အပြန်အလှန် သံသယဖြစ်စရာ လက္ခဏာတွေ ရှိခဲ့ပါတယ်။ မကြာသေးမီနှစ်တွေမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များက အဲ့ဒီတင်းမာမှုတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာ အမေရိကန်က ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းသော ပါလီမန် ရွေး ကောက်ပွဲတွေကျင်းပဖို့ ရည်မှန်းချက်ကို ပံ့ပိုးပေးရန်ရည်ရွယ်တဲ့ ဗီဇာမူဝါဒသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ယင်းမူဝါဒအရ အမေရိကန်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ပျက်ပြားစေဖို့ နှောင့်ယှက်တယ်လို့ ယူဆရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးချင်းစီအပေါ် ဗီဇာကန့်သတ်ချက် ချမှတ်ပိုင်ခွင့် ရှိပါတယ်။ အတိုက်အခံ BNP ပါတီက အမေရိကန်ရဲ့ ယင်းလုပ်ရပ်ကို ကြိုဆိုခဲ့သော်လည်း ဟာဆီနာက အမေရိ ကန်ရဲ့ သဘောထားကို ပွင့် ပွင့်လင်းလင်း မေးခွန်းထုတ်ခဲ့ပြီး သူရဲ့စိုးရိမ်မှုတွေကို Voice of America နှင့် အင်တာဗျူးတွင် ဖော်ပြခဲ့ပါတယ်။ ပွတ်တိုက်မှုတွေက ဒါတွေတင်မကသေးပါဘူး။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လမှာ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ထိပ်တန်းအရံတပ်ဖွဲ့ ဖြစ်တဲ့ Rapid Action Battalion (RAB) ကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့စွပ်စွဲပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့မှာ ၎င်းရဲ့ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထုတ်ခဲ့ပြီး ဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့ပါတယ်။
အမေရိကန်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ကို ပြတ်တောက်သွားစေတဲ့ အဓိကအချက်မှာ ဘင်္ဂလား ပင်လယ်အော်ရဲ့ တစ်ခုတည်းသော ကမ်းလွန်ပင်လယ်ပြင်က စိန့်မာတင်ကျွန်းတွင် စစ်အခြေ စိုက်စခန်း တစ်ခုထူထောင်ရန် အမေရိကန်ဘက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်းပေါ်တွင် စစ် အခြေစိုက် စခန်း ထားရှိခွင့်ပေးပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ရွေးကောက်ပွဲတွင် သူမကို အနှောက်အယှက်ကင်းစွာ ပြန်လည်အရွေးခံရရန် ကူညီပေးမယ်လို့ နိုင်ငံခြားအစိုးရတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ဟာဆီနာက ၂၀၂၄ ခုနှစ် မေလမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ သူက နိုင်ငံရဲ့အမည်ကို အတိအကျ မဖော်ပြခဲ့ ပေမယ့် အမေရိကန်ကို ရည်ညွှန်းတယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။ တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် အင်ဒို-ပစိဖိတ် ဒေသမှာ သူရဲ့စစ်အင်အားကို မြှင့်တင်ရန် စိတ်အားထက်သန်နေတဲ့ အမေရိကန်က အဆိုပါ ဒေသမှာ အခြေစိုက်စခန်းအသစ်တွေထားရှိနိုင်ရေး ရှာဖွေလျက်ရှိပါတယ်။ အဓိက ရေလမ်းကြောင်း တွေနဲ့နီးကပ်နေတဲ့ စိန့်မာတင်ကျွန်းရဲ့ ဗျူဟာ မြောက်အရေးပါမှုဟာ အမေရိကန်စစ်တပ်အတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
သို့သော်လည်း ဟာစီနာက အမေရိကန် ရဲ့ ယင်းတောင်းဆိုချက်တွေကို လိုက်လျောရန် ငြင်းဆိုခဲ့တာကြောင့် သူရဲ့ကံကြမ္မာက နိုင်ငံမှ ထွက် ပြေးရတဲ့အခြေအနေဖြစ်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့အသွင်ဆောင်တဲ့လုပ်ရပ်တွေနဲ့ တခြား နိုင်ငံတွေရဲ့နိုင်ငံရေးမှာ မကြာခဏ ဝင်ရောက် စွက်ဖက်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမယ့်လည်း အီရတ်၊ အာဖဂန်နစ္စတန်နှင့် အခု ဘင်္ဂလားဒေ့ရှ်တို့မှာ မြင်တွေ့နေရတဲ့အတိုင်း ယင်းစွက်ဖက်မှုတွေဟာ ပရမ်းပတာနဲ့မတည်ငြိမ်မှုတွေကိုသာ ဖြစ်ပေါ်စေခဲ့တာကို တွေ့ရပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဘင်္ဂလားဒေ့ရှ် ပြည်သူတွေက ဟာစီနာအစိုးရကို ဆန့်ကျင်ဆန္ဒပြ ပြီး ဖြုတ်ချနိုင်ခဲ့တာကြောင့် ၎င်းတို့အတွက် လွတ်လပ် ရေး အောင်ပွဲတစ်ခုလို့ ရှုမြင်နေကြပေမယ့် လက်တွေ့မှာ နိုင်ငံရဲ့ဖရိုဖရဲအနေအထားများကိုပြန် လည်တည့်မတ်ဖို့က မလွယ်ကူတဲ့ကိစ္စ ဖြစ်လာပါတယ်။ အစိုးရ တစ်ရပ်ကို အတင်းအကြပ် တွန်းလှန် ဖယ်ရှားခဲ့ခြင်းရဲ့ အကျိုးဆက်တွေက မျှော်မှန်းထားတာထက် ပိုမို ဆိုးရွားနိုင်ပါတယ်။ ယခုအခါ နိုင်ငံကို ဦးဆောင်သွားမယ့် ကြားဖြတ်အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ လုံခြုံရေး စတဲ့ ပြည်တွင်းရေးရာ များအပြင် သင့်တော်တဲ့နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားနိုင်ဖို့ ကလည်း အကြပ်ရိုက်စရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်ရဲ့ ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးခါယမ်းသွားစေမယ့် အဖြစ်မျိုးကို တတ်နိုင်သမျှတားဆီးကာကွယ်သွားဖို့ လိုအပ်သလို တစ်ဖက်တည်းကိုပဲသိသိသာသာ ယိမ်းတဲ့ မူဝါဒတွေ ထက် ဘက်မလိုက်၊ ကြားနေ နိုင်ငံခြားရေး မူဝါဒတွေကိုသာ ကျင့်သုံးခြင်းဖြင့် နိုင်ငံခြား တိုင်းပြည်တွေရဲ့ လွှမ်းမိုးခြယ်လှယ်တဲ့ရန်ကနေရှောင်ရှားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်မှ တစ်ဒေါ်လာ(၃၄၀၀)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာသန်း (၁၀၀)နီးပါးကို ဩဂုတ်လ တတိယပတ်တွင် ရောင်းချထား
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ