ကားလမ်းမပေါ်တွင်အရက်ထိုင်သောက်သည့် လူ(၃)ဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ ကားလမ်းမပေါ်တွင်အရက်ထိုင်သောက်သည့် လူ(၃)ဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၄ ရက်)၊ ည ၁၂နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းပေါ်မှာထိုင်သောက်တာက နယ်ကတက်လာတဲ့ ပန်းရံအလုပ် သမား (၃)ယောက်ထိုင်သောက်နေတာ။ ကားကလည်းတိုက်ပြီး မောင်းပြေးသွားတာ။ အဲဒီနေရာက အရက်သောက်လို့ကောင်းတဲ့နေရာမှမဟုတ်တာ။ ပြီးတော့လမ်းလယ်မျဉ်းပေါ်အရက်ထိုင်သောက်တာက ဘယ်လိုလုပ် ထိုင်သောက်သင့်မှာလဲ”ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၂၅)နှစ်အရွယ် အမျိုသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိကာ မေဓာဝီဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ “(၃)ယောက်မှာ တစ်ယောက်ဆေးရုံရောက်မှဆုံးတာ။ အခင်းဖြစ်တဲ့နေရာမှာတည်းက အခြေအနေမကောင်းတာ။ ကျန်တဲ့(၂)ယောက်ထဲက တစ်ယောက်တော့ ခေါင်းထိတယ်ဆိုတော့ ပြင်းတယ်ပေါ့။ တစ်ယောက်ကတော့ ပွန်းပဲ့လောက်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားစစ်တပ်က ပဲ့ထိန်းဒုံးကျည်အသစ် (၂၅၀)ကို လက်ခံရရှိခဲ့ဟု ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း