ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
ယနေ့ကမ္ဘာကြီးသည် (၁၉၄၅) ခုနှစ်နောက်ပိုင်း မည်သည့်အချိန်ကာလထက်မဆို လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အပြောင်းအလဲများစွာဖြစ်ခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြီး ရုတ်တရက် ပြိုကွဲ သွားခဲ့ရာ ရာစုနှစ်တစ်ဝက်နီးပါး ကြာတည်ရှိခဲ့သည့် နှစ်နိုင်ငံကြီးစိုးသည့်အထိုင်ဟောင်း (Old bipolar order) မှာ အဆုံး သတ်သွားခဲ့သည်။ လစ်ဘရယ်အရင်းရှင်ဝါဒမှာ ပြိုင်ဘက်မရှိ အောင်ပွဲခံခဲ့ပြီး သမိုင်းနိဂုံးချုပ်ခဲ့ပြီဟုပင်ယူဆခဲ့ကြသည်။ သို့သော် စစ်အေးခေတ်လွန်ကမ္ဘာတွင် နိုင်ငံတကာပဋိပက္ခကြီးများကြားတွင် သမိုင်းတစ်ကျော့ ပြန်လည်လာသည်ကို တွေ့မြင်နေရသည်။ ပုံစံမျိုးစုံ ကွဲပြားသည့်တိုင် လစ်ဘရယ်အရင်းရှင်ဝါဒတွင်လည်း ပြိုင်ဘက်များစွာ ပေါ်ပေါက်လာခဲ့သည်။
လစ်ဘရယ်စီးပွားရေးအထိုင်မှာ Bretton Woods စနစ်အပေါ်အခြေခံပြီး အမေရိကန်က ဖန်တီးခဲ့ခြင်းဖြစ်ကာ (၁၉၉၀)ပြည့်နှစ်ကာလအထိ တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ခဲ့သည်။ နောက်ပိုင်းတွင် ယခင် အင်အားကြီးနိုင်ငံများကျင့်သုံးခဲ့သည့် စည်းမျဉ်းများကို နောက်ပိုင်းအင်အားကြီးနိုင်ငံများက လိုက်ပါကျင့်သုံး လိုခြင်းမရှိကြသည့်နိုင်ငံများရှိလာသည်။ အသစ် ထပ်မံပေါ်ပေါက်လာသည့် စီးပွားရေးအင်အားကြီးနိုင်ငံများသည် စီးပွားရေးတိုးတက်ရန်အတွက် လစ်ဘရယ် အထိုင်ကို အသုံးပြုခဲ့ကြသည်။ အသစ်ပေါ်ပေါက်လာသည့်အင်အားကြီးနိုင်ငံများသည် နောက်ဆုံးတွင် အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးမော်ဒယ်များအတိုင်း ၎င်းတို့ကိုယ်တိုင် အသွင်ပြောင်းလာကြ လိမ့်မည်ဟူသော မျှော်လင့် ချက်ဖြင့် အနောက်နိုင်ငံများကလည်းအားပေးခဲ့ကြသည်။ သို့သော် အနောက်နိုင်ငံများမျှော်လင့်သလို ဖြစ်မလာခဲ့ပါ။
အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှု
အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုမှာလည်း နိုင်ငံတကာဆက်ဆံရေး၏ ဗဟိုချက်ဖြစ်လာခဲ့ရာ မကြာသေးမီနှစ် များအတွင်းက ပထဝီနိုင်ငံရေးမြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဂါဇာ၊ ယူက ရိန်းစစ်ပွဲအခြေအနေများနှင့် ကမ္ဘာ့ နိုင်ငံများကို ပိုမိုကွဲပြားစေခဲ့ရာ ကမ္ဘာ့အထိုင်သစ် (new world order) ဆီသို့ ရွေ့လျားခြင်းအပါအဝင် ပထဝီနိုင်ငံရေး ဆိုင်ရာ အသစ်တစ်ဖန်မွေးဖွားခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။ သမ္မတဘိုင်ဒန်သည် တရုတ်နိုင်ငံနှင့် တင်းမာသည့်ဆက်ဆံ ရေး ရှိနေခြင်းအပေါ် ဖြေလျှော့နိုင်ရေး နည်းလမ်းရှာရမည်ဆိုသည်ကို နားလည်ထားသူဖြစ်သည်။ သိသာမြင်သာသည့် အချက်မှာ အမေရိကန်အစိုးရအဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်စေ လွှတ်ခဲ့ခြင်းပင်ဖြစ်သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုစီးဆင်းမှုမှာလည်း နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းလဲနေသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာလည်း အဖွဲ့နှစ်ဖွဲ့အဖြစ်ကွဲသွားနိုင်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်ကုန် သွယ်ခြင်းထက် global south နှင့် ပို၍ ကုန်သွယ် လာနိုင်သည်။ ကုန်သွယ်ရာတွင် စီးပွားရေးအရတွက်ပါ က လက်လီစိတ်သည်ဟုဆိုသော်လည်း အနာဂတ် တွင်ကြုံတွေ့လာရနိုင်သည့်ဖိအားများကိုလျှော့ချနိုင်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မည်ဆိုကလည်း တင်နိုင်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် လေးစုကာလအတွင်း တရုတ်နိုင်ငံ စီးပွားရေးနိုးထလာအောင် အမေရိကန်နိုင်ငံက တက် တက်ြွကြွကအကူအညီ ပေးခဲ့သည်။ ယခုအခါ အမေရိကန်၏ အကြီးမားဆုံးပြိုင်ဘက်အဖြစ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံ သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နှင့် နိုင်ငံတကာ အင်စတီကျူးရှင်း များအပေါ် အနောက်နိုင်ငံများ၏လွှမ်းမိုးထားမှုကို စိန်ခေါ်နေပြီဖြစ် သည်။ လက်ရှိစနစ်ကို စည်းမျဉ်းအခြေပြုကမ္ဘာ့အထိုင် (rules-based global order)အဖြစ် ရည်ညွှန်းသုံးနှုန်းကြသည်။ သို့သော် အမေရိကန်အပေါ်အခြေပြုထားသည့်စနစ်၊ အမေရိကန်က ဖန်တီးထားသည့် စည်းမျဉ်းများဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပါ။ နိုင်ငံတကာဥပဒေဆိုသည်မှာလည်း အင်အားနည်းသူများအပေါ်တွင်သာ စိုးမိုးသည်။ အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အထိုင်ကို ကျားကန်ပေးသည့် ဒေါက်တိုင်များမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ ကဲ့သို့သော အင်စတီကျူးရှင်းကြီးများဖြစ်သည်။ အဆိုပါအင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် ဆိုသည်မှာလည်း အလွန်ခက်ခဲလှသည်။
အမေရိကန်ဩဇာကျဆင်းလာ
အမေရိကန်ဦးဆောင်သည့် အင်စတီကျူးရှင်းများ အင်အားလျော့နည်းလာသည်နှင့်အမျှ အမေရိကန်၏ဩဇာ နယ်ပယ်မှာလည်း ကျဉ်းမြောင်းလာခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အမေရိကန်တို့ အများဆုံး ကျားကန် ပေးထားသည့် အစ္စရေးနှင့်ယူကရိန်းကဲ့သို့သောနိုင်ငံများသည်ပင် အမေရိကန်၏ အကြံပေးချက်များအပေါ် အလေး အနက်မထားသည် များရှိလာသည်။ ဂါဇာတွင် လူသားချင်းစာနာထောက် ထားမှုအကူအညီများ အရေးပေါ်လိုအပ်နေ ချိန်တွင် အရပ်သားသေကျေပျက်စီးမှု နည်းနိုင်သမျှအနည်း ဆုံးဖြစ်အောင် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်နှင့် စစ်ရေး အရတိုက်ခိုက်မှုများကိုလည်း အရှိန်လျှော့ချရန် အမေရိကန်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ကိုလည်း အစ္စရေးနိုင်ငံက ပယ်ချခဲ့သည်။ အစ္စရေးစစ်ပွဲသည် ရေနံသူဌေး ကာတာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့သည်။ ပဋိပက္ခသည်သာ ဂါဇာနယ်နိမိတ်ကိုကျော်လွန်လာခဲ့ပါက ပထဝီနိုင်ငံရေး ဆိုင်ရာအကျိုးသက်ရောက်မှုများမှာလည်း ပိုမိုကျယ် ပြန့်လာနိုင်သည်။ ဖြစ်လာနိုင်ခြေတစ်ခုမှာ ယူကရိန်းနိုင်ငံသည် အကြီးမားဆုံး အရှုံးသမားဖြစ်နိုင်သည်။ ဂါဇာ အပေါ်အာရုံရောက်ပြီး ယူကရိန်းကိုပေးနေ သည့်အကူအညီများ နှောင့်နှေးသွားမည်ကိုစိုးရိမ်ကြောင်း သမ္မတ ဇဲလန် စကီးကလည်း ထုတ်ပြောထားသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့အထိုင်သစ်တွင် အရေးပါသည့်တွန်းအားတစ်ခုဖြစ်ရမည်ဟု သမ္မတ ဂျိုးဘိုင်ဒန်၏ ပြောဆိုချက်အပေါ် အမေရိကန်ဗဟိုပြုသည့် မျှော်မှန်းချက်မှာ ခေတ်မမီတော့ဟု ရုရှား အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဝေဖန်ခဲ့သည်။ ကမ္ဘာ့အထိုင်သစ်လိုအပ်နေပြီဆိုသည့်အချက်အပေါ်တွင်မူ အမေရိကန်နှင့်ရုရှားတို့၏ သဘောထား ထပ်တူကျသည်။ သို့သော် အမေရိကန်နိုင်ငံသည် အဆိုပါကမ္ဘာ့အထိုင်သစ်တွင် ဗဟိုချက်ဖြစ်နေရမည် ကိုမူ မယုံကြည်ပါဟု Dmitry Peskov က ဆိုသည်။ မည်သို့သောကမ္ဘာ့အထိုင်သစ်မဆို နိုင်ငံတစ်နိုင်ငံ၏ လက်ထဲတွင် ကမ္ဘာ့ စီမံခန့်ခွဲမှုယန္တရားအားလုံးကို ဝကွက်အပ်ထားခြင်းမျိုးကနေ ကင်းလွတ်နေရမည်ဟုလည်း Dmitry Peskov က ပြော သည်။ လွန်ခဲ့သည့် ရာစုတစ်ဝက်တွင် ထိန်းချုပ်မောင်းနှင်ခဲ့သည့် ကမ္ဘာ့အထိုင်မှာ စွမ်းအင်မရှိတော့ကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအားပေးသည့် အထိုင်သစ်တစ်ခုဖြင့် ကမ္ဘာကြီးအားစုစည်းပေးရန်လိုအပ်သည်ဟု သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့်အစ္စရေးစသည့် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံ၏ပါဝင်ဆောင်ရွက်ရမည့်ကိစ္စများကိုပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အထိုင်နှင့် ပတ် သက်၍ အမေရိကန်တို့ မည်သို့ပင်ပြောသည်ဖြစ်စေ အမေရိကန်တို့ လိုချင်သည်မှာ အမေရိကန် ဗဟိုပြုကမ္ဘာ့အထိုင်ပင် ဖြစ်သည်။ အမေရိကန်ကို ဗဟိုပြုပြီးလည်ပတ်မည့် ကမ္ဘာ့အထိုင်မျိုး ထပ်ပြီးအလိုမရှိတော့ပါဟု Dmitry Peskov က တုံ့ပြန်ခဲ့သည်။
Global south ၏ အခန်းကဏ္ဍ
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းနှင့် global south ၏ စီးပွားရေးဝိတ် ကြီးလာခြင်းသည် နိုင်ငံတကာအထိုင်ကို အခြေခံကျ သောပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြေရှိသည်။
အမေရိကန်တို့ဖန်တီးထားပြီး ယခုတိုင် အမေရိကန်တို့လွှမ်းမိုးဆဲဖြစ်သော ကမ္ဘာ့အထိုင်သည် ၎င်းတို့၏ စီးပွား ရေးနှင့်ဂေဟဆိုင်ရာအကျိုးစီးပွားအတွက် ငြိမ်းချမ်းမှုမရှိ၊ တရားမျှတမှုမရှိ၊ အကျွမ်းတဝင်မရှိသည့်အထိုင်ဖြစ်ကြောင်း Global South နိုင်ငံအများစုကယုံကြည်ကြသည်။ သို့ဖြစ်ရာ Global South နိုင်ငံများအနေဖြင့် ဝင်ရိုးစုံကမ္ဘာ ဒွိစုံကမ္ဘာ သို့မဟုတ် ဧကဝင်ရိုးကမ္ဘာစသည့် အနောက်နိုင်ငံများတွင် ကနေဦး ဖွံ့ဖြိုးခဲ့သည့်သဘောတရားများနှင့် စိတ်ကူး စိတ်သန်းများကို ပုံတူကူးမချသင့်ပါ။ အဆိုပါ အမျိုးအစားများသည် Global South နှင့် မည်သို့မှ မအပ်စပ်ပါ။ ကမ္ဘာကြီး သည် ဝင်ရိုးစုံကမ္ဘာဖြစ်ခဲ့စဉ်က ယနေ့ Global South နိုင်ငံအများစုသည် ကိုလိုနီ အုပ်ချုပ်ရေးစနစ်အောက်တွင် ရှိခဲ့သည်။ ကမ္ဘာကြီးသည် ဒွိစုံကမ္ဘာတွင်ရှိခဲ့စဉ်က စစ်အေးခေတ်ကာလကို ဖြတ်သန်းခဲ့ရသည်။ ထိုစဉ်က ဥရောပနိုင်ငံ များတွင်သာ ငြိမ်းချမ်းမှုရှိခဲ့ပြီး Global South နိုင်ငံအများစုမှာ စစ်ပွဲများ၊ ဝင်ရောက်စွက်ဖက်ခံရမှုများ၊ ခေါင်းပုံဖြတ်ခံ ရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်သည်။ ကမ္ဘာကြီးသည် (၁၉၉၀)ပြည့်နှစ်ကာလ ဧကဝင်ရိုးကမ္ဘာ ခေတ်၌ရှိနေ ချိန်တွင် အမေရိကန်နိုင်ငံသည် လစ်ဘရယ် ကမ္ဘာ့အထိုင် သို့မဟုတ် စည်းမျဉ်းအခြေပြု ကမ္ဘာ့အထိုင်ဆိုသည့် သဘောတရားကို အားပေးနေချိန်ဖြစ်သည်။ သို့သော် အဆိုပါစည်းမျဉ်းများကို မည်သူတွေ ကရေးဆွဲခဲ့သနည်း၊ မည်သူ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေရသနည်းဆိုသည်ကို မေးခွန်းထုတ်လာကြသည်။ လစ်ဘရယ် ကမ္ဘာ့ အထိုင်သည် အနောက်နိုင်ငံများ၏ အထူးအခွင့်အရေးအတွက် မရှိမဖြစ်လိုအပ်သည်။ သို့သော် Global South နိုင်ငံ အများစုမှာမူ နင်းပြားဘဝတွင်သာ ရှိနေခဲ့သည်။
ကမ္ဘာ့အင်စတီကျူးရှင်းများသည် အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခများ၊ ကပ်ရောဂါများ၊ ရာသီဥတု ကပ်ဆိုက်မှု များ၊ ဒုက္ခသည်အကျပ်အတည်းများ၊ အစွန်းရောက်မှုများ၊ သဘာဝအရင်းအမြစ်များကို မောင်ပိုင်စီးမှုများနှင့် ဉာဏ်ရည် တုစနစ်များကို ထိန်းကျောင်းခြင်းကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းရှိ သော ဒီဇိုင်းများမဟုတ်ပါ။ အထူးသဖြင့် (၁၉၄၅)ခုနှစ် ပြဿနာများကိုဖြေရှင်းရန် ကုလသမဂ္ဂကို ဖန်တီး ထားခြင်းဖြစ်ပြီး နောက်ပိုင်းဖြစ်လာသည့် အခြေအနေ များကို ဆက်လက်ဖြေရှင်းနိုင်သည့် အခြေအနေမရှိပါ။ ၂၁ ရာစုကိုထင်ဟပ်သည့် ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းဒီဇိုင်းတစ်ခု အရေးပေါ်လိုအပ်နေသည်။ စစ်ပွဲများသည် Global South ၏ စီးပွား ရေးနှင့် လူသားတို့၏လုံခြုံရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။ ထိုင်ဝမ်(တရုတ်တိုင်ပေ)အရေးနှင့် ပတ်သက် ၍လည်း အမေရိကန်နှင့်တရုတ်တို့ကြား ကြီးမားသည့်ပဋိပက္ခဖြစ်နိုင်သည်။ ယနေ့ကမ္ဘာသည် နောက်ထပ် အင်ပြည့် အားပြည့်ဖြင့် တိုက်ခိုက်လာမည့် စစ်ပွဲတစ်ပွဲ၏ဒဏ်ကို ခံနိုင်ရည်ရှိတော့မည်မဟုတ်ပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် လည်းဖြစ်၊ နျူကလီးယားလက်နက်ရှိသည့်အင်အားကြီးနှစ်နိုင်ငံကြား ပဋိပက္ခဖြစ်လာခဲ့မည်ဆိုပါက အဆင်အခြင်မဲ့ရာ ကျလွန်းပါလိမ့်မည်။
တရုတ်နိုင်ငံ၊ BRICS နှင့် SCO ၏ အခန်းကဏ္ဍ
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ဆက်လက်ထိန်း ထားလိုသည်။ ထို့ပြင် အခြားယဉ်ကျေးမှုများနှင့် အခြားသော နိုင်ငံရေးစနစ်များကိုလည်း ဝင်ရောက်စွက်ဖက်လိုခြင်း မရှိဟု ထုတ်ပြောထားသည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအခါ ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ချောင်ပိတ်မိနေ သည့် အနောက်နိုင်ငံများကို စောင့်ကြည့်အနေအထားတွင် ရှိနေသည်။ ဥရောပနှင့် အမေရိကန်လူ့အဖွဲ့အစည်း တွင်လည်း အစ္စရေး-ဟားမတ်စ်စစ်ပွဲကို အကြောင်းပြုပြီး အကွဲအပြဲပိုများလာနေသည်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံသည် အနောက်တိုင်း ခေတ်လွန်ဝင်ရိုးစုံ ကမ္ဘာ့အထိုင်နောက်သို့ ကိုယ်ပိုင်ဟန်ဖြင့် တစ်စိုက် မတ်မတ် လိုက်နေသည်။ အရှေ့အလယ်ပိုင်းဒေသတွင်လည်း သံခင်တမန်ခင်းအရပါဝင်ရန် ဆန္ဒရှိနေသည်။ အမြဲတစေ ရန်စောင်နေကြသည့် အီရန်နှင့် ဆော်ဒီနှစ်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် သံတမန်အဆက် အသွယ်ပြန် လည်ထူထောင်ခဲ့ကြသည်။ ပင်လယ်နီဒေသ တင်းမာမှုလျော့ပါးရေး၊ ဂါဇာ အပစ်အခတ်ရပ်စဲရေးတို့နှင့် ပတ်သက်၍ လည်း အဖန်တလဲလဲတောင်းဆိုခဲ့သည်။ ဝင်ရိုးစုံကမ္ဘာတွင် ပေါ်ထွက်လာမည့် စည်းမျဉ်းများကို အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ချမှတ်ပါလိမ့်မည်။ တရုတ်နိုင်ငံသည် အနောက်တိုင်းလွန် ခေတ်ကမ္ဘာ၌ ဦးစီးဦးဆောင်နေရာတွင်ရှိနေချင်သည်။
သို့သော် တရုတ်နိုင်ငံသည် တစ်ချိန်က အမေရိကန်တို့ကျင့်သုံးခဲ့သည့် လွှမ်းမိုးမှုမျိုး ထပ်မံကျင့်သုံးရန် ဆန္ဒရှိပုံမရပါ။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက်သာ အရှေ့တောင်အာရှနှင့် ကမ္ဘာအခြားနေရာများတွင် စစ်အင်အားကြီး မားကြောင်းပြသလိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အင်အား ကြီးနိုင်ငံတစ်နိုင်ငံကို အားကိုးလိုပါက အမေရိကန်သာမဟုတ် တရုတ်နိုင်ငံလည်းရှိကြောင်း ရွေးချယ်စရာတစ်ခု ထပ်တိုးပေးလိုခြင်းဖြစ်သည်။ လစ်ဘရယ်နိုင်ငံတကာအထိုင်သည် မောက်မာသည့် အနောက်တိုင်းစနစ်များအပေါ် အခြေခံ ထားခြင်းဖြစ်သည်။ အဆိုပါစံနှုန်းများနှင့်တန်ဖိုးများ ကို ကိုလိုနီပြုခဲ့ကြသည့် ဥရောပအင်အားကြီးနိုင်ငံ များက တင်ပို့ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အမေရိကန်တို့ကလည်း အကြမ်းနည်းသုံး၍ တင်ပို့ ခဲ့ကြသည်များလည်းရှိ သည်။ ထိုသို့တင်ပို့ခဲ့ခြင်း ကြောင့် အမေရိကန်နှင့် အခြားအရင်းရှင်နိုင်ငံများ အဓိကအကျိုးအမြတ် များစွာထွက်ခဲ့ကြ သည်။ ယခုအခါ တရုတ်နိုင်ငံသည်လည်း ၎င်း၏ကိုယ်ပိုင် အချိတ်အဆက်ဖြင့် အထိုင်သစ်ဖြစ်ပေါ်လာစေရေး လွှမ်းမိုးပုံဖော်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများအတွက် အဓိကထားသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SCO) ၌လည်း ဦးဆောင်မှုအခန်းကဏ္ဍနေရာ တွင် ရရှိထားပြီးဖြစ်သည်။ အခြားသော အဖွဲ့ဝင်များ မှာ ရုရှား၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက် ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့ ဖြစ် သည်။
ကမ္ဘာ့အထိုင်သစ် (New world order)
ကမ္ဘာ့အထိုင်သစ် (New World Order) ဖြစ်ပေါ်လာစေရေး စဉ်းစားရာတွင် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သော နိုင်ငံများ (emerging powers) ကိုချည်းအလွန်အကျွံအာရုံစိုက်နေခြင်းမျိုးမဟုတ်ဘဲ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားနှင့် တူကီယဲတို့ကဲ့သို့သော ဒေသဆိုင်ရာအဆင့်ရှိသည့်နိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း လျစ်လျူမရူသင့်ဟု ယူဆချက်များ လည်းရှိသည်။ အဟောင်းတို့နေရာတွင် အသစ်တို့အစားထိုးမြဲဖြစ် သည်။ ကမ္ဘာကြီးကို ထိန်းကျောင်းထားသည့် ကမ္ဘာ့အ ထိုင်ဟောင်း (Old world order) မှာလည်း အချိန်ကာလတစ်ခုတွင် နိဂုံးချုပ်ပြီး ကမ္ဘာ့အထိုင်သစ် (New world order) ပေါ်လာရမည်မှာ နိယာမတ ရားပင်ဖြစ်သည်။ သို့သော် ကမ္ဘာ့အထိုင်ဟောင်း (Old world order) မည်သည့်အချိန်တွင် နိဂုံးချုပ်၍ ကမ္ဘာ့အထိုင်သစ် (New world order) မည်သည့်အချိန်တွင် ပုံပေါ်လာမည်ဆိုသည်ကိုမူ ခန့်မှန်းချက် ဖြင့်သာပြောနိုင်ပါကြောင်းနှင့် ပေါ်ထွက်လာမည့် ကမ္ဘာ့အထိုင်သစ် (New world order) သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်ပါစေကြောင်း ဆန္ဒပြုရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ