အစ္စရေးခရီးသွားများအား မော်လ်ဒိုက်အစိုးရ တားမြစ်ပိတ်ပင်
ALynn (NSS) - ဇွန် ၃
မွတ်ဆလင်အများစုနေထိုင်သော မော်လ်ဒိုက်ကျွန်းနိုင်ငံငယ်လေးသည် ဂါဇာစစ်ပွဲကြောင့် အစ္စရေးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများအား တားမြစ်ကြောင်း တနင်္ဂနွေနေ့ (ဇွန်လ ၂ ရက်) တွင် ကြေညာခဲ့သည်။ မော်လ်ဒိုက်နိုင်ငံသည် ဂျူးနိုင်ငံများမှ အားလပ်ရက်အပန်းဖြေ ခရီးထွက်သူများ၏ ခရီးစဉ်များထဲမှ တစ်ခုဖြစ်သည်။
သမ္မတ ဒေါက်တာ မိုဟာမက်မူဇ်ဇူက “အစိုးရအဖွဲ့၏ အကြံပြုချက်အတိုင်း အစ္စရေးနိုင်ငံကူးလက်မှတ်များကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း” သမ္မတရုံးက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်တွင် အစ္စရေးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို မော်လ်ဒိုက်သို့ ဝင်ရောက် ခြင်းမှ တားဆီးရန်နှင့် အဆိုပါကြိုးပမ်းမှုများကို ကြီးကြပ်ရန်အတွက် ဝန်ကြီးအဖွဲ့ဆပ်ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းတို့ ပါဝင်သည်။
သမ္မတသည် ပါလက်စတိုင်းတို့၏ လိုအပ်ချက်များကို အကဲဖြတ်ရန်အတွက် အထူးသံတမန်တစ်ဦးကို ခန့်အပ်ရန် နှင့် ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုကို စတင်ရန်တို့အပါအဝင် ပါလက်စတိုင်းတို့ကို ထောက်ခံကြောင်း နိုင်ငံလုံးဆိုင်ရာ လူထုစုဝေးပွဲတစ်ရပ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။ အိန္ဒိယသမုဒ္ဒရာကျွန်းစုသည် ၎င်း၏ သဲသောင်ဖြူကမ်းခြေများ၊ စိမ်းပြာရောင်ရေကန်များနှင့် ဇိမ်ခံအပန်းဖြေစခန်းများကြောင့် လူသိများထင်ရှား ပြီး အစ္စရေးလူမျိုးများကြားတွင် ရေပန်းစားသောနေရာတစ်ခုဖြစ်သည်။
ယမန်နှစ်က အစ္စရေးနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် ၁၁,၀၀၀ နီးပါးသည် အဆိုပါကျွန်းများသို့ လာရောက်လည်ပတ် ခဲ့ပြီး ခရီးသည်စုစုပေါင်းရောက်ရှိမှု၏ ၀ ဒသမ ၆ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံမှဖြစ်သည်။ သို့သော် ယခုနှစ်တွင်မူ အရေအတွက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တွေ့ရသည်။
ကြေညာချက်အပြီးတွင် အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက အစ္စရေးနိုင်ငံသားများအား မော်လ်ဒိုက်နိုင်ငံသို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ရန် နှင့် ထိုနေရာတွင် တည်းခိုနေထိုင်သူများအား ထွက်ခွာရန် အကြံပြုချက်ထုတ်ပြန်ခဲ့သည်။
“မော်လ်ဒိုက်နိုင်ငံတွင်းရောက်ရှိပြီးသား အစ္စရေးနိုင်ငံသားများအနေဖြင့် ထွက်ခွာသွားကြဖို့ အကြံပြုထားပါတယ်၊ အကယ်၍ ဆက်နေနေပြီး အကြောင်းတစ်ခုခုကြောင့် ဒုက္ခရောက်ကြမယ်ဆိုရင် ကူညီဖို့ ခက်ခဲပါလိမ့်မယ်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အစ္စရေးနှင့် မော်လ်ဒိုက်တို့ကြား သံတမန်ဆက်ဆံရေးကို ၁၉၇၄ ခုနှစ်ကတည်းက ရပ်ဆိုင်း ထားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် မော်လ်ဒိုက်ကျွန်းစုသည် ယခင်က ခရီးသွားလာ ခွင့်ပိတ်ပင်ထားမှုကို ရုတ်သိမ်းခဲ့ပြီး အစ္စရေး ခရီးသွားများအား ကျွန်းစုများသို့ လာရောက်လည်ပတ်ခွင့်ပြုခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းခဲ့သော်လည်း နှစ်နှစ်အကြာတွင် သမ္မတ Mohamed Nasheed ဖြုတ်ချခံရပြီးနောက် ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို စွန့်လွှတ်ခဲ့ရသည်။
အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနှင့် ဟားမက်စ်တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ အယ်လ်ဂျီးရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့အပါအဝင် မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံအများအပြားသည် အစ္စရေးခရီးသွားများကို တားမြစ်ပိတ်ပင်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာလင်တွင် ယူကရိန်းအား အထောက်အပံ့ပေးခြင်းကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများ ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း