အဖွဲ့ဝင်ဖြစ်ရေးအဆိုပြုချက်အသစ်အား BRICS လက်ခံရရှိ
ALynn (NSS) - မေ ၂၉
ထိုင်းနိုင်ငံသည် BRICS စီးပွားရေးအုပ်စု၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လျှောက်ထားမည်ဖြစ် ကြောင်း ထိုင်းအစိုးရက အင်္ဂါနေ့ (မေလ ၂၈ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအဖွဲ့တွင်ပါဝင်ရန် ရည်ရွယ်ကြောင်းဖော်ပြသည့် တရားဝင်စာတစ်စောင်ကို အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ဒေသဆိုင်ရာ မီဒီယာများထံ အတည်ပြုပြောကြားခဲ့သည်။
ချိုင်၏ပြောကြားချက်အရ အဆိုပါစာတွင် ထိုင်းနိုင်ငံသည် ဗဟုဝင်ရိုးကမ္ဘာ၏ အရေးပါမှုနှင့် နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏အခန်းကဏ္ဍ တိုးမြင့်လာမှုကို ထိုင်းနိုင်ငံက သိရှိနားလည်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ အနာဂတ်မျှော်မှန်းချက်သည် BRICS ၏ အခြေခံမူများနှင့်ကိုက်ညီပြီး နိုင်ငံတကာနယ်ပယ်တွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကမ္ဘာ့အစီအစဉ်သစ်တစ်ရပ်ကိုပုံဖော်ရာတွင်ပါဝင်ရန် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကာ နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။ BRICS သည် ရုရှားနိုင်ငံ၊ Kazan တွင် အောက်တိုဘာလနှောင်းပိုင်း၌ ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများလည်း တက်ရောက်နိုင်ရန် ဖိတ်ကြားထားသည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းသည် ထိုင်းနိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ပိုမိုလျင်မြင်စေဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ချိုင်က ပြောကြားခဲ့သည်။ မူလက ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ငါးနိုင်ငံနှင့် ဖွဲ့စည်းထားသော BRICS သည် ၂၀၂၄ ခုနှစ်အစတွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစ၍ ဘာရိန်း၊ ဘီလာရုစ်၊ ကျူးဘား၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ဆီနီဂေါနှင့် ဗင်နီဇွဲလားအပါအဝင် နောက်ထပ် နိုင်ငံ ၁၅ နိုင်ငံက အဖွဲ့ဝင်ဖြစ်ခွင့်ရရေးကို စိတ်ဝင်စားကြောင်း အချက်ပြခဲ့သည်။
တိုးချဲ့လာသော BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် လူဦးရေ ၃ ဒသမ ၅ ဘီလီယံဝန်းကျင် သို့မဟုတ် ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။ ၎င်းသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကိုလည်း တာဝန်ယူထားသည်။ BRICS သည် လာမည့်လေးနှစ်အတွင်း ကမ္ဘာ့ GDP အဆင့်သတ်မှတ်ချက်တွင် G7 ကို ကျော်တက်ရန် ရည်မှန်းထားကြောင်း New Development Bank (NDB) အကြီးအကဲ Dilma Rousseff က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် ဇွန်လ(၁)ရက်နေ့မှစ၍ လမ်းပိုင်းအချို့ အသုံးပြုခွင့် တိုးမြှင့်ကောက်ခံမည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း