စေတနာ့ဝန်ထမ်း ၃ ဦး အသတ်ခံရပြီးနောက် ဟေတီတွင် ကင်ညာရဲတပ်ဖွဲ့များ အမြန်ဆုံး တပ်ဖြန့်ပေးရန် အမေရိကန်တောင်းဆို
ALynn (NSS) - မေ ၂၅
ဟေတီတွင် စေတနာ့ဝန်ထမ်း ၃ ဦး အသတ်ခံရပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကင်ညာဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ကို ဟေတီတွင် အလျင်အမြန် ဖြန့်ကျက်ထားရန် တောင်းဆိုလိုက်သည်။
အကျိုးအမြတ်မယူသော Haiti Inc မစ်ရှင်အဖွဲ့မှ ၎င်း၏စေတနာ့ဝန်ထမ်း သုံးဦးသည် ကြာသပတေးနေ့ (မေလ ၂၃ ရက်) ညတွင် ဟေတီနိုင်ငံ၊ မြို့တော်ပေါ်အော်ပရင့်စ်၌ လက်နက်ကိုင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ကြေညာအပြီး မကြာမီမှာတွင် အမေရိကန်က ထိုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ မြို့တော်သည် အင်အားကြီးလက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်ကျရောက်သွားချိန်မှစ၍ မြို့တော်အနှံ့ အသေအပျောက်ပြင်းထန်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်လာစေသည်။ လတ်တလောမှာပင် ကင်ညာသမ္မတ ဝီလီယံရူတိုသည် ဝါရှင်တန်ဒီစီသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး သမ္မတဘိုင်ဒင်အပါအဝင် အခြားသော အမေရိကန်အကြီးတန်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ဟေတီတပ်ဖြန့်မှုအပါအဝင် အခြားသောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကြာသပတေးနေ့တွင် ရူတိုနှင့် ဆွေးနွေးရာ၌ ကင်ညာဦးဆောင်သည့် တပ်ဖွဲ့၏ "အလျင် အမြန် တပ်ဖြန့်မှု"ကို သမ္မတဘိုင်ဒင်က ထောက်ခံကြိုဆိုခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့ပြီး ဟေတီရှိ လက်ရှိ လုံခြုံရေးအခြေအနေသည် အချိန်ဆွဲ၍ မရတော့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။အသတ်ခံရသူများထဲတွင် သမီးဖြစ်သူ နာတာလီလွိုက်နှင့် သမက်ဖြစ်သူ ဒေဗီလွိုက်တို့ ပါဝင် ကြောင်း Missouri ပြည်နယ်ကိုယ်စားလှယ် Ben Baker က သောကြာနေ့တွင် အတည်ပြုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နိုင်ငံအတွင်း အချိန်ပြည့်စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ဒေဗီလွိုက် သည် ၂၀၀၀ ခုနှစ်တွင် ဟေတီနိုင်ငံတွင် စတင်ခဲ့သော Missions in Haiti Inc အဖွဲ့အစည်း တည်ထောင်သူများ၏ သားလည်းဖြစ်သည်။ တတိယမြောက်သေဆုံးသူနှင့် ပတ်သက်၍မူ အတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ယခုလအစောပိုင်းတွင် ဟေတီနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက “အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ရာနှင့်ချီသောလူများသည် အကြမ်းဖက်မှုများအတွင်း ချောင်ပိတ်မိနေကြောင်း”သတိပေးခဲ့သည်။ ကင်ညာသည် ကုလ ကျောထောက် နောက်ခံပြုမစ်ရှင်များတွင် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ တပ်ဖြန့်ပေးသွားမည်ဖြစ် ကြောင်း ကတိကဝတ်ပြုထားပြီး ယင်းတွင် အမေရိကန်က ငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်သည်။ အများဆုံး တပ်ဖြန့်မှုသည် တပ်ဖွဲ့ဝင် ၂,၅၀၀ အထိရှိနိုင်ကြောင်း ခန့်မှန်း ရသည်။ သို့သော် ၎င်းမစ်ရှင်သည် မည်သည့်အချိန်တွင် စတင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ကင်ညာသမ္မတရူတို၏ အမေရိကန်ခရီးစဉ်နှင့်အတူ စတင်သွားဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ အစီအစဉ် ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအား ထိုးနှက်ရန် အမေရိကန်အစိုးရပြင်ဆင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း