ပဋိပက္ခများအတွင်း ခြိမ်းခြောက်ခံနေရသော ကမ္ဘာတစ်လွှားက မီဒီယာလွတ်လပ်ခွင့် (ဘာသာပြန်ဆောင်းပါး)
ALynn (NSS) - မေ ၂၃
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်များသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ မရှိမဖြစ် အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ် သည်။ ပဋိပက္ခနှင့် စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် မီဒီယာများ၏ အခန်းကဏ္ဍသည် အများပြည်သူတို့ကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်သော သ တင်းအချက်အလက်များ ပေးဆောင်ရာတွင် အရေးပါလှသည်။ ယုံကြည်ရလောက်သော သတင်းနှင့် ရုပ်ပုံများသည် အရပ်သားများကို အကာအကွယ် ပေးခြင်း၊ ပဋိပက္ခများကို တားဆီးခြင်း၊ ပဋိပက္ခများ၏ ကြောက်မက်ဖွယ်ဖြစ်ရပ်မှန်များကို နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစူးစိုက်မှုဆီသို့ ဆောင်ကြဉ်းပေးခြင်း၊ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေ ခြင်းများကို ဖော်ထုတ်နိုင်ခြင်းတို့ကြောင့် စစ်အတွင်း မီဒီယာများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါနေသည်။
ထို့အတူ ယင်း၏နောက်ဆက်တွဲအနေဖြင့် ပဋိပက္ခနယ်မြေများရှိ သတင်းထောက်များ၏ လုပ်ငန်းခွင်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေပေသည်။ သတင်းယူရန် ဝင်ရောက်ခွင့် ငြင်းပယ်ခံရခြင်း၊ ဆင်ဆာဖြတ်ခြင်း၊ နှောင့်ယှက်ခြင်း၊ မတရား ဖမ်းဆီးခြင်းနှင့် တိုက်ခိုက်ခံရ ခြင်းများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အလုပ်လုပ်ရန် ဆုံးဖြတ်ထားသည့် သတင်းထောက်များ အနေ ဖြင့် သတိရှိရှိ လုပ်ဆောင်ဖို့ လိုအပ်မည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အရပ်သားများသာ ဖြစ်သောကြောင့် ပစ်မှတ်မထားသင့်ပေ။ ထို့ပြင် ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများသည် ရန်လိုမှု များနှင့် ထိပ်တိုက်တွေ့ဆုံမှုများအတွင်း သတင်းအချက်အလက်နှင့် မီဒီယာ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသင့်ပြီး တစ်ဦးတစ်ယောက်ချင်းစီသော သတင်းထောက်များ၏ လုံခြုံရေးအတွက်လည်း ဂရုပြုပေးသင့်သည်။ သို့မှသာ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းထား ခြင်းဖြင့် “မီဒီယာလက်နက်”ကို အသုံးချကာ ဒီမိုကရေစီကို ပိုမိုထိရောက်စွာ ကာကွယ်သွားနိုင် မည့် အခြေအနေများကို ဖန်တီးလာနိုင်မည်ဖြစ်ပါသည်။
ကျဆင်းလာသော မီဒီယာလွတ်လပ်ခွင့်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ နှစ်စဉ်ထုတ်ဝေသော ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အညွှန်းကိန်းအရ ပြီးခဲ့သည့်နှစ်အတွင်း အမှီအခိုကင်းသော မီဒီယာများကို နှိပ်ကွပ် ခြင်းနှင့် သတင်းမှားများ ဖြန့်ဖြူးခြင်းအပါအဝင် သတင်းလွတ်လပ်ခွင့်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်မှုများ သိသိသာသာ ပြင်းထန်လာခဲ့သည်။ ယင်းအညွှန်းကိန်းသည် နိုင်ငံပေါင်း ၁၈၀ ရှိ သတင်းထောက်များ၏ အမှီအခိုကင်းစွာဖြင့် လွတ်လွတ်လပ်လပ် သတင်းပို့နိုင်မှုအပေါ် အဆင့် သတ်မှတ်ထားခြင်းဖြစ်သည်။ ယခု၂၀၂၄ ခု နှစ်တွင် ကမ္ဘာ့လူဦးရေထက်ဝက်ကျော်သည် ဒီမိုက ရေစီ ရွေးကောက်ပွဲများတွင် ပါဝင်ဆန္ဒဖော်ထုတ်သွားရမည်ဖြစ်သော်လည်း RSF ၏ အညွှန်း ကိန်းအရ တစ်ကမ္ဘာလုံးတွင် သတင်းလွတ်လပ်ခွင့် အလုံးစုံကျ ဆင်းနေပြီး သတင်းသမားများနှင့် လွတ်လပ်သော မီဒီယာများအပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ မြင့်တက်လာကြောင်းကို ပြသနေပါသည်။
Maghreb နှင့် အရှေ့အလယ်ပိုင်းဒေသများရှိ အစိုးရအဖွဲ့များ၏ သတင်းလွတ်လပ်ခွင့် အပေါ် ကန့်သတ်မှုများမှာ အဆိုးဆုံးဖြစ်ကြောင်း RSF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်အတွင်း ဒေသတွင်းရှိ အစိုးရများသည် အကြမ်းဖက်မှု၊ ဖမ်းဆီးခြင်းနှင့် ပြင်းထန် လွန်းသော ဥပဒေများမှတစ်ဆင့် သတင်းထောက်များအပေါ် စနစ်တကျ ပြစ်ဒဏ်ပေးခြင်းဖြင့် မီဒီယာကဏ္ဍကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းသတင်းထောက် ၁၀ဝ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့အနက် အနည်းဆုံး ၂၂ ဦးမှာ လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သတ်ဖြတ်ခံရ ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း အခြားနိုင်ငံများဖြစ်သော ဆူဒန်တွင်လည်း အကြမ်းဖက် မှုနှင့် ပြည်တွင်းစစ်အကြောင်း လွတ်လပ်စွာသတင်း ပေးပို့မှုများကို အပြင်းအထန် နှိပ်ကွတ်ခဲ့ကြ ပြီး သတင်းထောက်များစွာလည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆီးရီးယားရှိ မီဒီယာလုပ်ငန်းရှင် များ၏ အခြေအနေမှာလည်း ဆိုးရွားလာကာ ၎င်းတို့၏ မွေးရပ်နိုင်ငံမှ စွန့်ခွာထွက်ပြေးရသည် များလည်း ရှိသည်။ ထို့ပြင် ယင်းထွက်ပြေးတိမ်းရှောင်သော စာနယ်ဇင်းသမားများကို အိမ်နီးချင်း ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်တို့မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းများလည်းရှိခဲ့သည်။ အစ္စရေး၊ ဆော်ဒီ အာရေးဗျ၊ ဆီးရီးယားနှင့် အီရန်တို့သည် သတင်းထောက်များကို ဖမ်းဆီး ထောင်ချခြင်းလုပ်ရပ် အများဆုံး ပြုမူသည့်နိုင်ငံ ၄ နိုင်ငံတွင်ပါဝင်နေပြီး ၎င်းတို့သည် ယနေ့တိုင် အောင် သတင်းထောက်များကို တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးအကျဉ်းချခြင်းများကို ဆက်လက်ပြုမူနေဆဲဖြစ်ပါသည်။
လက်တင်အမေရိကတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများအပေါ် နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှုများမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေကြောင်း ညွှန်ပြနေသည်။ အာဂျင်တီးနားတွင် သမ္မတသစ် Javier Milei သည် လွတ်လပ်သော စာနယ်ဇင်းများအပေါ် ဖိနှိပ်ခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ငံ၏အကြီးမားဆုံး အေဂျင်စီအသစ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ပီရူးနှင့် အယ်လ်ဆာဗေးဒေါတို့တွင်လည်း သတင်းလွတ်လပ်ခွင့်သည် နိုင်ငံရေး အရ ဖိနှိပ်တိုက်ခိုက်ခြင်း ခံနေရပါသည်။
အာဖရိက ဆာဟာရအောက်ပိုင်းရှိ ရွေးကောက်ပွဲများအတွင်း သတင်းထောက်များ အပေါ် အကြမ်းဖက်မှုများရှိခဲ့ပြီး ယင်းမှာ နိုင်ငံရေးအရ တိုက်ခိုက်မှုများဖြစ်ကြောင်း ရှုမြင်နိုင် သည်။ နိုင်ဂျီးရီးယား တွင် ၂၀၂၃ ခုနှစ် အစောပိုင်း၌ သတင်းထောက် ၂၀ နီးပါးတိုက်ခိုက်ခံခဲ့ရပြီး Madagascar တွင် ရွေးကောက်ပွဲ အကြိုဆန္ဒပြပွဲများကို ရေးသားဖော်ပြခဲ့သော သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက် ခံခဲ့ရသည်။ ထို့ပြင် မကြာသေးမီက ဘာကီနာဖာဆို နိုင်ငံတွင် စစ်တပ်က ရာနှင့်ချီသော အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟူသော အကြောင်းအရာများကို ထုတ်ဖော်တင်ပြခဲ့သည့် Guardian အပါအဝင် နိုင်ငံခြားသတင်းအဖွဲ့ ဒါဇင် ပေါင်းများစွာကို ဆိုင်းငံ့ခံခဲ့ရသည်။
ဥရောပတွင်လည်း ရုရှားသည် လွတ်လပ်သော စာနယ်ဇင်းလုပ်ငန်းများအပေါ် တိုက်ခိုက်ခြင်းကြောင့် RSF ၏ အညွှန်းကိန်းတွင် အောက်အဆင့်များသို့ ကျဆင်းသွားခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ပြည်ပနိုင်ငံများသို့ထွက်ပြေးသွားသည့် ရုရှားသတင်း သမား 1500 ထက်မနည်း ရှိနေပြီဖြစ်သည်။ RSF အညွှန်းကိန်း၏ အောက်ခြေအနီးရှိ ဘယ်လာ ရုစ်မှာ “ အစွန်းရောက်ဝါဒ ” ကို တိုက်ဖျက်ရန်အကြောင်းပြချက်ဖြင့် သတင်းထောက်များကို အစဉ်အမြဲ ညှဉ်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။ မကြာသေးမီကာလ ကလည်း ဥရောပနိုင်ငံအများအပြားတွင် သတင်းလွတ်လပ်ခွင့်သည် “ကျိုးပေါက်လုနီးနီး ဘေး အန္တရာယ်သို့ ကျရောက်နေပြီဖြစ်ကြောင်း” ဂျာမန် အခြေစိုက် Civil Liberties Union for Europe (Liberties) က သတိပေးထားသည်။ အမေရိကန်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း သတင်းသမား အနည်းဆုံး ၁၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံရေးသမားများ ကလည်း မီဒီယာသမားများအပေါ် ဆိုးဆိုးရွားရွား တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။
အာရှ- ပစိဖိတ်ဒေသတွင် သတင်း လွတ်လပ်ခွင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာသည်။ အာဖဂန်နစ္စတန်ကဲ့သို့သောနိုင်ငံများတွင် တာလီဘန်တို့က လွတ်လပ်သောသတင်းကဏ္ဍကို ဖျက်ဆီးခဲ့ပြီး မြောက်ကိုရီးယားနှင့် တရုတ်တို့ကလည်း ပြည်တွင်းမီဒီယာများအပေါ် အမြဲတစေ ဖိနှိပ်ခြင်းများ ပြုလုပ်လျက်ရှိပြီး သတင်းနှင့် အချက်အလက်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း RSF က ဖော်ပြထားသည်။ အထက်ဖော်ပြပါအခြေအနေအရပ်ရပ်ကို သုံးသပ်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မီဒီယာလွတ်လပ်ခွင့်များ ကျဆင်းလျက်ရှိနေပြီး သတင်းသမားများ၏ ဘေးကင်းလုံခြုံမှုသည် လည်း အမြဲတစေခြိမ်းခြောက်ခံနေရကြောင်း တွေ့ရှိရပါသည်။
ဂါဇာစစ်ပွဲအတွင်း ခြိမ်းခြောက်ခံနေရသည့် မီဒီယာကဏ္ဍ
စစ်ပွဲဖြစ်ပွားခဲ့သည့် ၂၁၄ ရက်အတွင်း အစ္စရေးသည် ဂါဇာတွင် ခန့်မှန်းခြေအားဖြင့် ၃၆ နာရီလျှင် သတင်းထောက် တစ်ဦးနှုန်းဖြင့် စုစုပေါင်း ၁၄၂ ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သေဆုံးသူအရေအတွက်အရ ဂါဇာစစ်ပွဲသည် ခေတ်သစ်သမိုင်းတွင် သတင်းထောက် များအတွက် အသေအပျောက်အများဆုံး စစ်ပွဲဖြစ်လာစေခဲ့သည်။ ယခုလအစောပိုင်းတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ နိုင်ငံခြားသတင်းထောက်များ ဝင်ရောက်ခွင့်ကို ပိတ်ပင် ခဲ့ပြီး အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနကိုလည်း ၎င်း၏ နယ်နိမိတ်အတွင်း သတင်း ယူလှုပ်ရှားခြင်းနှင့် ထုတ်လွှင့်ခြင်းတို့ကို ပိတ်ပင်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် အချို့ သော အမေရိကန်နိုင်ငံရေးသမားများက အစ္စရေးသည် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တား ဆီးနေသူဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။
မေလ ၅ ရက် မတိုင်မီက အယ်လ်ဂျာဇီးရားသည် ဂါဇာကမ်းမြောင် ဒေသတွင် လည်ပတ်နေဆဲ နိုင်ငံတကာမီဒီယာအနည်းငယ်အနက်မှ တစ်ခုဖြစ်သည်။ အယ်လ်ဂျာဇီးရားကို ပိတ်ပင် ခြင်းသည် မရှိမဖြစ်လိုအပ်သော စစ်ပွဲသတင်းများကို တားဆီးမည့် မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းလုပ်ရပ်ဖြစ်နေသည်။ ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေများကို ပြည်တွင်းနှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူများကို အသိပေးရန်နှင့် အဖျက်စွမ်းအားကြီးမားသော စစ်ပွဲ၏ အခြေ အနေအရပ်ရပ်နှင့် အပြောင်းအလဲများကို သုံးသပ်နိုင်ရန် မီဒီယာများမှ လွတ်လပ်စွာ ခြွင်းချက် မရှိ ဖော်ပြမှုသည် အရေးကြီးသည်။
၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် အစ္စရေးအစိုးရသည် အစ္စရေးနိုင်ငံအတွင်း အယ်လ် ဂျာဇီးရားအသံလွှင့်ထုတ်လွှင့်မှုများကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး အစ္စရေးရှိ ၎င်း၏ဝက်ဘ်ဆိုက် များ၊ ရုံးများကို ပိတ်ပစ်ရန်နှင့် ၎င်း၏ဝန်ထမ်းများအသုံးပြုသည့် စက်ပစ္စည်းများကို သိမ်းဆည်း ရန် အမိန့်ပေးခဲ့သည်။ ဆုံးဖြတ်ချက်အပြီးတွင် ရဲအရာရှိများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စစ်ဆေးရေးမှူးများသည် သတင်းဌာန၏စက်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး အရှေ့ဂျေရုဆလင်ရှိ အယ်လ်ဂျာဇီးရားသတင်းဌာန ရုံးစိုက်ရာ အဆောက်အအုံကို ပိတ်ပစ်လိုက်သည်။
“အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု”တွင် အဆိုပါအစီအမံများကို တရားဝင် ဆောင် ရွက်နိုင်ကြောင်း ဖော်ပြထားသည့် Al Jazeera Bill ဟုခေါ်သည့် ဥပဒေကြမ်းကို အစ္စရေး လွှတ် တော်က ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဥပဒေကြမ်းကို အတည်ပြုပြီး နောက် မကြာမီတွင် အစ္စရေးအာဏာပိုင်များက အစ္စရေးရှိ Al Jazeera သတင်းဌာန ဆန့်ကျင် ရေး လှုပ်ရှားမှုကို စတင်ရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ အစ္စရေးအာဏာပိုင် များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက အစ္စရေးရှိ အယ်လ်ဂျာဇီးရား သတင်းဌာနကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ယင်းအစား အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အရေးပေါ်မီဒီယာ စည်းမျဉ်းများကို အကြောင်းပြု၍ လက်ဘနွန်မီဒီယာ တစ်ခုဖြစ်သည့် Al Mayadeen ကို ပိတ်ခဲ့သည်။
အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားနိုင်သော်လည်း ဤအကြောင်းပြချက် ခိုင်လုံရန် အတွက် မူ သင့်လျော်သော ကန့်သတ်ချက်များသာဖြစ်သင့်ပြီး အကြောင်းပြချက်နှင့် အချိုးကျ နေရမည် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အာဏာပိုင်များက နိုင်ငံတော်၏ လုံခြုံရေးကိုကာကွယ်ရန် အတွက် လိုအပ်သည့် ကန့်သတ်မှုများကို တတ်နိုင်သမျှ အနည်းဆုံးအတိုင်းအတာဖြင့် ဆောင်ရွက်သင့်ကြပေသည်။ သို့မဟုတ်လျှင် မီဒီယာတစ်ခုကို အပြီးအပိုင် သို့မဟုတ် ယာယီ ပိတ်ပင်ခြင်းသည် တရားမျှတမှု မရှိဘဲ ပြင်းထန်သော ကန့်သတ်မှုတစ်ခုသာဖြစ်နေသည်။
မီဒီယာကဏ္ဍသည် အများပြည်သူအကျိုးငှာ မြော်မြင်ပြီး သတင်းအမှန်များကို ရေးသား ဖော်ပြလျှင် နိုင်ငံအတွက် အလွန်အရေးပါသောမဏ္ဍိုင်တစ်ရပ် ဖြစ်ပြီးအခြားသော မလျော်ကန် သည့် အကျိုးအမြတ်များအတွက် ရည်မျှော်သော မမှန်မကန် ရေးသားဖော်ပြခြင်းများကမူ ပြည်သူများကို သတင်းအဆိပ်သင့်စေပြီး အထင်မှား၊ အယူအဆမှားများကို ဦးတည်စေမည် သာဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ပြီး တိကျမှန်ကန်သော သတင်းအချက် အလက်များကို ဖြန့်ဝေပေးသည့် မီဒီယာများ၏ အခန်းကဏ္ဍသည် ပြည်သူများ၏ နေ့စဉ်ဘဝ၊ အထူးသဖြင့် ပဋိပက္ခ များဖြစ်ပွားနေချိန်တွင် အလွန်အရေးပါလှပေသည်။ ထိုသို့ အရေးပါသော သတင်းနှင့် မီဒီယာကဏ္ဍကို ဖိနှိပ်တိုက်ခိုက်ခြင်းသည် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် အဟန့်အတားများဖြစ်လာပေမည်။ သတင်းသမားများသည်လည်း လက်နက်မကိုင်သော အရပ်သားများဖြစ်သည့်အတွက် ပဋိပက္ခများအတွင်း အရပ်သားများကဲ့သို့ ဘေးကင်း လုံခြုံမှုရှိစေရေး ဦးစားပေးဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ ပြင်းထန်သော ပဋိပက္ခများ၊ စစ်ပွဲများအတွင်း ပြည်သူ့ထံ၊ နိုင်ငံတကာထံသတင်းမှန်များ ပြန်ကြားပေးနိုင်ပြီး တတ်နိုင်သမျှ အကြမ်းဖက်မှု ဖြစ်စဉ်များကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်သမ္မတသစ်တက်လာပြီး ရက်ပိုင်းအကြာမှာ တရုတ်စစ်တပ်က ကျွန်းအနီးမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ