မြစ်ကြီးနားအကျဉ်းထောင် ဆူပူမှုဖြစ်စဉ်တွင် အကျဉ်းသား (၄)ဦးသေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နစက အသိပေး
မြူနစ် (NSS) - ဧပြီ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်တွင် အကျဉ်းသား (၄)ဦးသေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့သည် ယနေ့(ဧပြီ ၁၉ ရက်) ညနေပိုင်းတွင် အထက်ပါအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့အကျဉ်းထောင်အတွင်းရှိ အမျိုးသားအပြစ်ကျဆောင် (၆)နှင့် (၇)တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများက ဧပြီ ၁၈ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဆူပူသောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ဆူပူသောင်းကျန်းမှုအပေါ် အကျဉ်းဦးစီးဌာနဝန်ထမ်းများက ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆူပူသောင်းကျန်းသည့်အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များကို ဖျက်ဆီးခြင်းတို့အား အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါအခြေအနေကို ထိန်းသိမ်းရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်ထားရှိကာ ဆူပူနေသည့်အကျဉ်းသားများကို အကျဉ်းဦးစီးဌာနဝန်ထမ်းများက လူစုခွဲရန် ထပ်မံဖျောင်းဖျခဲ့ကြောင်း သိရသည်။
သို့သော် ဆူပူသောင်းကျန်းနေသည့်အကျဉ်းသားများသည် လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ် ပျစ်များကို ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများကို ရန်မူတိုက်ခိုက်လာသည့်အတွက် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ကာ တုတ်၊ ဒိုင်းများဖြင့် ထိန်းသိမ်းခဲ့သည်ဟု နစကမှ ဆိုသည်။
၎င်းဖြစ်စဉ်အတွင်း၌ အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အကျဉ်းသားများကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိပြီး အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်နေကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။
ဧပြီ ၁၇ ရက်တွင် ကျရောက်ခဲ့သော မြန်မာနှစ်ဆန်း (၁)ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ (၃၃၀၃)ကို နစကဘက်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှာ ငွေစက္ကူကို မိတ္တူကူးပြီး တိုက်ခန်းပြတင်းပေါက်ကနေ ပစ်ချခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ချမှတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း