ရုရှားနိုင်ငံရှိ ဖျော်ဖြေရေးစင်တာတစ်ခုကို ISIS အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ(၁၀၀)နီးပါးသေဆုံး
Pika (NSS) - မတ် ၂၃
ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ Crocus City Hall ဖျော်ဖြေရေးစင်တာတွင် မတ်လ(၂၂)ရက်က ISIS အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုများကြောင့် လူ(၁၀၀)နီးပါးသေဆုံးခဲ့ပြီး အခြားလူ(၁၄၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များကပြောကြားခဲ့သည်။
ISIS အကြမ်းဖက်အဖွဲ့က 'ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ မော်စကိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ဖျော်ဖြေရေးစင်တာတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်”ဟု တယ်လီဂရမ်ပလက်ဖောင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ရော့ခ်ဂီတဖျော်ဖြေပွဲတစ်ခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖျော်ဖြေရေးစင်တာအတွင်း မီးလောင်ကျွမ်းမှုများကို မီးသတ်သမားများက ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားမြို့တော်ဝန်နှင့် ရုရှားသတင်းအေဂျင်စီများက ပြောကြားခဲ့သည်။ သေနတ်သမားများသည် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ခတ်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး လက်ပစ်ဗုံး သို့မဟုတ် မီးလောင်စေသော ဗုံးများကို ပစ်ချခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် RIA Novosti သတင်းဌာနမှ သတင်း ထောက်တစ်ဦးကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းထောက်က 'ဖျော်ဖြေရေးစင်တာအတွင်းမှာ ရှိနေတဲ့လူတွေဟာ သေနတ်နဲ့အပစ်မခံရဖို့အတွက် မြေပြင်မှာ မိနစ်(၂၀)လောက် ဝပ်နေခဲ့ကြရပါတယ်။ တိုက်ခိုက်မှုပြီးသွားတဲ့အချိန်မှာတော့ လူတွေဟာ ဖျော်ဖြေရေးစင်တာအပြင်ဖက်ကို တွားသွားပြီး ထွက်လာခဲ့ကြပါတယ်'ဟု ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် Baza နှင့် Mash ရုပ်သံလိုင်းများက တင်ထားသည့် ဗီဒီယိုဖိုင်တွင် ဖျော်ဖြေရေးစင်တာအတွင်းမှ ကြီးမား သောမီးတောက်များနှင့် မီးခိုးများထွက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဗာကပြောကြားခဲ့သည်။
၎င်းက 'ဒီဆိုးရွားတဲ့ ရာဇဝတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ပြစ်တင်ရှုတ်ချရပါမယ်။ဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့တဲ့သူတွေရဲ့ မိသားစုတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်'ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သံသယရှိသူလူ(၁၁)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက နောက်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၂၃ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း