Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျီနိုဆိုက်အသွင်ဆောင်တဲ့ ရာဇဝတ်မှုတွေမှာ လုံခြုံရေးကောင်စီဝင်များ ဗီတိုအာဏာကျင့်သုံးနေခြင်းက တရားဝင်ပါသလား (ဘာသာပြန်ဆောင်းပါး)

Alynn (NSS) - မတ် ၂၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတွက် တာဝန်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အားလုံးက အသိအမှတ် ပြုထားကြသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး ၅ နိုင်ငံမှာ ဗီတိုအာဏာကျင့်သုံးခွင့်ရရှိသည့် အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်ကြသည်။ ဗီတိုအာဏာသည် လုံခြုံရေးကောင်စီတွင် အရေးပါဆုံးနှင့်အငြင်းပွားဖွယ် အဖြစ်ဆုံးအရာ တစ်ခုလည်း ဖြစ်နေသည်။ အမြဲတမ်းအဖွဲ့ဝင်များမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနှင့် အမေရိကန်တို့ ဖြစ်ပြီး ခိုင်မာသောဆုံးဖြတ်ချက် (Resolution) များကိုပင် ဗီတိုအာဏာသုံးပယ်ချနိုင်သည်။ သို့ဖြစ်ရာ ဗီတို အာဏာနှင့်ပတ်သက်၍ အငြင်းအခုံများစွာရှိနေပြီး အချို့ UN အတွက် ဗီတိုအာဏာက မရှိမဖြစ် အရေးပါသည့် အရာတစ်ခုဟု ယူဆကြသော်လည်း အချို့ကမူ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာတွင် အဟန့်အတားဖြစ် စေကြောင်း ရှုမြင်ကြသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် တစ်နိုင်ငံက ဗီတိုအာဏာ ကျင့်သုံးသည့်အခါတိုင်း ကုလသမဂ္ဂ၏လုပ်ငန်းစဉ်တစ်ခုလုံးကို ကမောက်ကမဖြစ်သွားစေနိုင်သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တိုင်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန်အစဉ်ရှေးရှုသော် လည်း ဗီတိုအာဏာသည် ၎င်းဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်နိုင်အောင် ဟန့်တားနိုင်နေသည်။ ဗီတို အာဏာကျင့်သုံးမှုသည် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ၊ စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ အထိပါ ပါဝင်သည့်အတွက် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရှင်သန်ရပ်တည်မှုအပေါ် သက်ရောက်မှုရှိနေပါသည်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က အထွေထွေညီလာခံ၏ တောင်းဆို ချက်အရ ယူအေအီးနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက် (ICJ) ၌ အစ္စရေးတို့သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေ အ တွင်း ကျင့်သုံးလျက်ရှိသည့်မူဝါဒများနှင့်ပတ်သက်၍ အောက်ပါအတိုင်းအကြံပြုကြားနာခဲ့သည်။ “ လုံခြုံ ရေးကောင်စီတွင် နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာပြီး တာဝန်ဝတ္တရားများကို ပူးပေါင်းဆောင်ရွက်ကြဖို့နှင့် အကယ်၍ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကိုထောက်ခံခြင်း သို့မဟုတ် ကန့် ကွက်ခြင်း အပြုအမူများသည် နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်နေလျှင် တာဝန်ဝတ္တရားများ ကိုလည်း ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်း ” ယူအေအီးကိုယ်စားလှယ်က တရားရုံးထံ လျှောက်ထား ခဲ့သည်။ လုံခြုံရေးကောင်စီကအဆိုပြုသည့် ဂါဇာကမ်းမြောင်အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို အမေရိ ကန်က ဗီတိုအာဏာသုံးပယ်ချပြီးနောက် ယူအေအီးသည် ထို လျှောက်ထားချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယူအေအီး၏ လျှောက်ထားချက်သည် ICJ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်လိုက်သလို ဖြစ်နေပြီး ဆိုးရွားသော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေနှင့်အညီဖြေရှင်းရာတွင် ဗီတိုအာဏာ၏ ပိတ်ဆို့ နေမှုများကို ထင်သာမြင်သာဖြစ်စေသည်။  လက်ရှိအခြေအနေတွင် လုံခြုံရေးကောင်စီ၌ ဗီတို အာဏာ ကျင့် သုံးနေခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ၊ စစ် ရာဇဝတ်မှုများနှင့် ဆက်စပ်မှုရှိနေကြောင်းတွေးတောစရာဖြစ်နေသည်။ ယခင်ကလည်း ကုလသမဂ္ဂနိုင်ငံများ သည် အမြဲတမ်းအဖွဲ့ဝင်များ၏ ဗီတိုအာဏာကျင့်သုံးမှုကို လျှော့ချပေးဖို့ တောင်းဆိုခြင်းများရှိခဲ့သည်။ ထို တောင်းဆိုချက်များကို ပြင်သစ်နှင့် ယူကေနိုင်ငံတို့က အလေးထားသော် လည်း အခြားအဖွဲ့ဝင် ၃ ဦးကမူ ဗီတို အာဏာကို သုံးမြဲသုံးဆဲပင် ရှိကြသည်။ 

ဆိုးရွားသည့်ရာဇဝတ်မှုများကြုံတွေ့ရသော်လည်း အင်အားကြီးနိုင်ငံများသည် ဗီတိုအာဏာသုံးဖို့ ဝန်မလေးကြပေ။ ဥပမာပြရလျှင် ရုရှားသည် ဆီးရီး ယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရ၏ ရာဇဝတ် မှုများကို ဗီတိုအာဏာသုံးပြီး အကာအကွယ်ပေးခဲ့သည်။ ထိုအချိန်က ဆီးရီးယားပဋိပက္ခအတွင်း ဓာတု လက် နက်များအသုံးပြုခြင်း ရှိ/ မရှိ စုံစမ်းစစ်ဆေးရန် လုံခြုံရေးကောင်စီက ယန္တရားတစ်ခုဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ သော်လည်း ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ ထို့ပြင် ၂၀ဝ၀ ပြည့်နှစ်များအတွင်း ဆူဒန်၌ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှု အသွင်ဆောင်သည့် လုပ်ရပ်များရှိနေသော်လည်း တရုတ်သည် ဆူဒန်၌ ကုလသမဂ္ဂ၏တပ်ဖွဲ့များဖြန့် ကြက်ခြင်းနှင့် အရေးယူပိတ်ဆို့ခြင်း ဆုံးဖြတ်ချက်များ အားနည်းယုတ် လျော့စေရန် ဗီတိုအာဏာသုံးခဲ့ဖူးသည်။ 

ထို့ပြင် မကြာသေးမီက အမေရိကန်၏ ဗီတိုအာဏာကျင့်သုံးမှုသည် အလွန်အမင်းအံ့အားသင့်စရာ ကောင်းနေသေးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ချက်ချင်း ရပ်စဲ ရေးဆုံးဖြတ်ချက်ကို အမေရိကန်က ပထမအကြိမ် ဗီတိုအာဏာသုံးပယ်ချခဲ့သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၂၀ ရက်က ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံ အနက် ၁၃ နိုင်ငံက ထောက်ခံ ခဲ့သော်လည်း အမေရိကန်က ဗီတိုအာဏာ ထပ်မံကျင့်သုံးခဲ့သည်။ ICJ သည် ဂါဇာအရေးနှင့် ပတ်သက်၍ တောင်အာဖရိကနိုင်ငံကတောင်းဆိုသည့် ယာယီစီမံချက်များကိုခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လွတ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် မှ စတင် ခဲ့သည့် ပဋိပက္ခသည်အဘက်ဘက်မှ စစ်ရာဇဝတ်မှုမြောက်နေကြောင်း ထင်ရှားသောသက်သေများရှိနေသည် ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အစ္စရေးအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများကို လေးစားလိုက်နာသင့်ကြောင်း ကော် မရှင်က တောင်းဆိုခဲ့သည်။ အမေရိကန်သမ္မတဘိုင်ဒင်ကိုယ်တိုင်ကလည်း အစ္စရေး၏လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုများသည် ပစ်မှတ်ကို အတိအကျ ခွဲခြမ်းစိတ်ဖြာခြင်းမရှိ အလုံးစုံတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးသည်။ 

သို့ဖြစ်ရာ ဂါဇာစစ်ပွဲကဲ့သို့ ဆိုးရွားသော ရာဇဝတ်မှုကျူးလွန်သည့်အခြေအနေများတွင် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ထောက်ခံသည့်ဆုံးဖြတ်ချက်မျိုးကို ဗီတိုအာဏာသုံးပယ်ချခြင်းက နိုင်ငံတကာ ဥပဒေများနှင့် လျော်ညီမှုရှိပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဗီတိုအာဏာသည် နိုင်ငံတကာ ဥပဒေဘောင်အတွင်း၌သာရှိပြီး ၎င်းကို ကျော်လွန်၍ အာဏာသက်ရောက်နိုင်စွမ်းမရှိသင့်ပေ။ လူမျိုးသုဉ်း သတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သည့် အခြေ အနေမျိုးတွင် ဗီတိုအာဏာ ကျင့်သုံးခြင်းသည် တရားဝင်ဖြစ်ခြင်း/ မဖြစ်ခြင်းကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် အခြေ အနေအချို့ရှိနေသည်။ ၎င်းမှာ ဗီတိုအာဏာကျင့်သုံးခြင်းများသည် (၁) jus cogens ဟုခေါ်သည့် အပြည်ပြည် ဆိုင်ရာ ဥပဒေစံနှုန်းများ၊ (၂) ကုလသမဂ္ဂပဋိညာဉ်ပါ ရည်မှန်းချက်များ၊ အခြေခံမူ များနှင့် (၃) ဂျီနိုဆိုက် ကွန်ဗင်ရှင်းနှင့် ဂျီနီဗာကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားများနှင့် လျော်ညီမှု ရှိ/ မရှိ ထိုအချက် ၃ ချက်ပေါ် မူတည်၍ ဆန်းစစ်ခြင်းဖြစ်သည်။ 

ပထမအချက်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ် စာချုပ်၏ အထက်တွင် jus cogens ဟုခေါ်သည့် နိုင်ငံ တကာ ဥပဒေတည်ရှိနေသည်။ ထို့ကြောင့် ကုလသမဂ္ဂပဋိညာဉ်  အပိုဒ် ၂၇၊ ပုဒ်မ ၃ အရ ပေးအပ်ထားသော ဗီတိုအာဏာသည်လည်း နိုင်ငံတကာ ဥပဒေအောက်တွင်သာရှိနေမည်ဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းမှု၊ စစ်ရာဇဝတ်ကျူးလွန်မှုတို့ကို jus cogens အောက်တွင် တားမြစ် ထားပါသည်။ သို့ဖြစ်၍ နိုင်ငံတကာဥပဒေအောက်တွင် အမြင့်ဆုံးအကာအကွယ်ပေးထားသော ထိုရာဇဝတ်မှု များတွင် ဗီတိုအာဏာကျင့်သုံးခြင်းကို ကန့်သတ်မထားခြင်းက နိုင်ငံတကာဥပဒေနှင့် မလျော်ညီရာရောက် နေသည်။ 

ဒုတိယအချက်အနေဖြင့် ဗီတိုအာဏာသည် ကုလသမဂ္ဂပဋိညာဉ်တွင်ပါဝင်ပြီး အပိုဒ် ၂၄၊ ပုဒ်မ ၂ အရ လုံခြုံရေးကောင်စီသည် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့၏ ရည်မှန်းချက်များနှင့် မူများအတိုင်းဆောင်ရွက်ရမည်ဟု ပါရှိသည်။ အပိုဒ် ၁ ပါ ရည်မှန်းချက်များအရ ‘‘ လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး တရားမျှတခြင်းအခြေခံမူများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီဆောင်ရွက်ရမည် ’’ ဟု ဖော်ပြပါရှိသည်။ အပိုဒ် ၂ ပါ အခြေခံမူများ အရ ‘‘ ကုလသမဂ္ဂပဋိညာဉ်စာချုပ်နှင့်အညီ စိတ်စေတနာ ကောင်းဖြင့် ဆောင်ရွက်ရမည် ’’ ဟူ၍ ဖြစ်သည်။ သို့ဖြစ်ပါ၍ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ၊ လူသားမျိုးနွယ် စုအပေါ် ကျူးလွန်ခြင်းများနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း အခြေအနေများတွင် ဗီတိုအာဏာကျင့်သုံးခြင်း သည် ဖော်ပြပါ ကုလသမဂ္ဂ၏ ရည်မှန်းချက်နှင့် အခြေခံမူများကို ဖောက်ဖျက်ရာ ရောက်နေပေသည်။ 

တတိယအချက်အနေဖြင့် အချို့သောနိုင်ငံတကာစာချုပ်များအောက်တွင် ပါဝင်ချုပ်ဆိုသည့် နိုင်ငံ များလိုက်နာရမည့် တာဝန်ဝတ္တရားများရှိနေသည်။ ၎င်းတို့တွင် ဂျီနိုဆိုက်ကွန်ဗင်းရှင်းနှင့် ဂျီနီဗာကွန်ဗင်းရှင်း တို့လည်း အပါအဝင်ဖြစ်ပြီး ၎င်းစာချုပ်များ၏ အပိုဒ် ၁ ပါ တာဝန်ဝတ္တရားများအရ လူမျိုးသုဉ်းသတ်ဖြတ် ခြင်းကို တားဆီးကာကွယ်ရန်နှင့် မည်သည့် အခြေအနေမျိုးတွင်မဆို စာချုပ်ပါအချက်များကို လေးစားလိုက် နာရမည်ဟု ဖော်ပြထားသည်။ သို့ဖြစ်ရာ ၎င်းစာချုပ်ဝင်နိုင်ငံများဖြစ်သည့် လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကို ဦးတည်စေမည့်လုပ်ရပ်မှန်သမျှကို အစွမ်းကုန်တားဆီး ကာကွယ်ရမည့်တာဝန်ရှိနေသည်။ 

အထက်ဖော်ပြပါအချက် ၃ ချက်လုံးသည် ဆိုးရွားသော ရာဇဝတ်မှုများအတွင်း ဗီတိုအာဏာကျင့်သုံး ခြင်းနှင့်ပတ်သက်၍ သိသာမြင်သာစေသည့် အချက်များဖြစ်ရာ အချက်တစ်ခုနှင့် ငြိစွန်းနေလျှင်ပင် ၎င်း ဗီတို အာဏာကျင့်သုံးခြင်း၏ တရားဝင်မှုက မေးခွန်းထုတ်စရာဖြစ်လာမည် ဖြစ်သည်။ ဂါဇာကမ်းမြောင် စစ်ပွဲ အတွင်း အစ္စရေး၏ အရပ်သားနှင့် ရန်သူ ခွဲခြားခြင်းမရှိ ဝေဟင်မှ ဗုံးကျဲခြင်း၊ ဒုံးကျည်များဖြင့် အများပြည်သူ ပိုင်ဆေးရုံများ၊ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းက စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေသည်။ သို့ဖြစ်ရာ အမေရိကန်အနေဖြင့် အစ္စရေးကို ကာကွယ်ရန်အတွက် လုံခြုံရေးကောင်စီတွင် ဗီတို အာဏာကျင့်သုံးနေခြင်းလုပ်ရပ်က လူမိုက်အားပေးရာရောက်သလိုဖြစ်နေပြီး လူသားချင်းစာနာ ထောက်ထားမှုများ၊ လစ်ဘရယ်ဝါဒများကို ရှေ့တန်းတင် ဦးစားပေးနေသည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုပ်ရပ်တို့မှာ လမ်းလွဲနေပါကြောင်း ရေးသားလိုက်ရပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က သူမအစား အခြားကိုယ်စားလှယ်လောင်းတစ်ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved