ကိုဗစ်အလွန်တွင် မလေးရှားနိုင်ငံ၌ တရုတ်ခရီးသွားများ ပြန်လည်တိုးမြင့်လာ
ALynn (NSS) - မတ် ၂၂
မလေးရှားနိုင်ငံတွင် ကပ်ရောဂါကာလအတွင်း တရုတ်ခရီးသွားအရေအတွက် ကျဆင်းသွားသော်လည်း ယခုအခါ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး ဗီဇာကင်းလွတ်ခွင့်ပေးထားခြင်းကြောင့်လည်း ကပ်ရောဂါမတိုင်ခင် အနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
မလေးရှား ပြည်တွင်းခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌ Mint Leong ၏ ဖော်ပြချက်အရ ပြီးခဲ့သည့်နှစ်က ၄၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်၊ ဇန်နဝါရီလတွင် ခရီးသွား ၆၀၀,၀၀၀ ထိတိုးမြင့်လာပြီး ဖေဖော်ဝါရီလတွင် တရုတ်နှစ်သစ်ကူး ကြောင့် ၁၂၀,၀၀၀ ထိ ခရီးသွားအရေအတွက် မြင့်မားလာကြောင်းသိရသည်။
ယခုနှစ်တွင် တရုတ်ခရီးသွား လာရောက်လည်ပတ်မှု ၃ ဒသမ ၅ သန်းမှ ၄ ဒသမ ၅ သန်းအထိ ရှိလာမည်ဖြစ်ပြီး ၎င်းတို့၏ သုံးစွဲမှုသည် ပျမ်းမျှ မလေးရှားရင်းဂစ် ၅,၀၀၀ မှ ၆,၀၀၀ (ဒေါ်လာ ၁,၀၀၀ မှ ဒေါ်လာ ၁၂၀၀) ရှိမည်ဟု Leong က ခန့်မှန်းထားသည်။ ကပ်ရောဂါမဖြစ်မီက တရုတ်သည် စင်ကာပူနှင့် အင်ဒိုနီးရှားပြီးလျှင် တတိယမြောက် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက်သည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၃ ဒသမ ၁ သန်း လာရောက် လည်ပတ်ခဲ့သည်။ မလေးရှားအစိုးရသည် ကပ်ရောဂါလွန်ကာလတွင် အရှေ့တောင်အာရှ၏ ပဉ္စမအကြီးဆုံး စီးပွားရေးအဖြစ် ပြန်လည်ထူထောင်ရေးအတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် မျှော်လင့်ထားပြီး ၂၀၂၄ ခုနှစ် တွင် တရုတ်ဧည့်သည် ၅ သန်းလာရောက်ရန် ရည်မှန်းထားသည်။
မလေးရှား၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရားဝင် မျှော်မှန်းချက် များနှင့်အလှမ်းဝေးကာ ဒေသတွင်းအိမ်နီးချင်းများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့နောက်တွင် နောက်ကျ ကျန်နေခဲ့သည်။ ဒီဇင်ဘာလတွင် မလေးရှားသည် တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ဝင်ခွင့်ကို မိတ်ဆက်ခဲ့ပြီး ဧည့်သည်များကို ခရီးသွားခြင်းနှင့် အပန်းဖြေရန်အတွက် ရက်ပေါင်း ၃၀ အထိ နိုင်ငံအတွင်း နေထိုင် ခွင့်ပြုထားသည်။
ကွာလာလမ်ပူ တွင် ဟိုတယ်လုပ်ငန်းရှင်များသည် တရုတ်နှစ်သစ်ကူးကာလအတွင်း ကြိုတင်စာရင်းသွင်းမှုများ သိသိသာသာ တိုးတက်လာကြောင်းနှင့် ၎င်းတိုးတက်မှုနှုန်းသည် တစ်နှစ်ပတ်လုံး အားကောင်းနေ ဦးမည်ဟု ဖော်ပြခဲ့ကြသည်။
၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ခန့်မှန်းခြေ ရင်းဂစ် ၂၅၁ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၅၃ ဘီလျံ) သို့မဟုတ် GDP ၏ ၁၄ ရာခိုင်နှုန်းရှိကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာနမှ သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် နိုင်ငံခြားခရီးသွားများ၏ စုစုပေါင်းအသုံးစရိတ်မှာ ရင်းဂစ် ၉၂ ဒသမ ၇ ဘီလျံ(ဒေါ်လာ ၁၉ ဒသမ ၆ ဘီလျံ) ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၂၂ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း