ဂါဇာကမ်းမြောင်ဒေသရှိ အလုပ်ကို ပြီးဆုံးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထပ်မံကတိပြု
Pika (NSS) - မတ် ၁၃
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်ကို အပြီးတိုင်ချေမှုန်းပစ်မည်ဆိုသည့် ၎င်း၏ရည်မှန်းချက်ကို ထပ်မံအတည်ပြုပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် အလုံးစုံနိုင်ပွဲကို မရရှိမချင်း ဂါဇာကမ်းမြောင်ဒေသတွင် လူသေဆုံးမှုများနှင့်ပတ်သက်သည့် ပြစ်တင် ဝေဖန်ပြောဆိုမှုများနှင့် နိုင်ငံတကာမှ ဖိအားပေးမှုတို့သည် အစ္စရေးကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်းလည်း နေတန်ရာဟုက ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ အဓိကမြို့တစ်မြို့ဖြစ်သော ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း နေတန်ရာဟုက ကတိပြုပြောခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး က ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပါလက်စတိုင်းဒုက္ခသည်အများအပြားသည် ရာဖဲလ်မြို့ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
နေတန်ရာဟုသည် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုများကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ကျန်ရှိနေသော ဟားမက်လက်နက်ကိုင်အဖွဲ့၏ အဓိကနယ်မြေများကို ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ပြောခဲ့သည်။
နေတန်ရာဟု က "ဒီစစ်ပွဲကို အနိုင်ရရှိဖို့အတွက် ရာဖဲလ်မြို့မှာ ကျန်ရှိနေတဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့ရဲ့ တပ်ရင်းတွေကို ကျွန်တော်တို့ ဖျက်ဆီးပစ်ရပါမယ်။ အဲဒီလိုမလုပ်ရင် ဟားမက်လက်နက်ကိုင်အဖွဲ့က ပြန်လည် ဖွဲ့စည်း၊ လက်နက်စုပြီး ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်သိမ်းယူသွားပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ လက်မခံနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုပါပဲ။ အရပ်သားပြည်သူတွေကို အန္တရာယ်တွေကနေ လွတ်မြောက်အောင်လုပ် ပေးရင်းနဲ့ ရာဖဲလ်မြို့မှာ ကျွန်တော်တို့ရဲ့အလုပ်ကို ပြီးအောင်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၃၁၀၀၀)ကျော် သေဆုံးထားကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ပြိုင်စစ်တပ်ဖြစ်သည့် RSF ထံမှ နိုင်ငံတော်ပိုင် အမျိုးသားရုပ်သံဌာနချုပ်ကို ဆူဒန်အစိုးရစစ်တပ် ပြန်လည် ထိန်းချုပ်ထားနိုင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း