အင်ဒိုနီးရှားတွင် ငါးဖမ်းသင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးကာ (၂၂)ဦးပျောက်ဆုံးနေ
Pika (NSS) - မတ် ၁၃
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးကာ အခြားလူ(၂၂)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားကယ်ဆယ်ရေးသမားများသည် မတ်လ(၁၃)ရက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများကထပ်မံပြောဆိုခဲ့သည်။ သင်္ဘောသား အနည်းဆုံး(၃၅)ဦးခန့် လိုက်ပါသွားသော သင်္ဘောသည် မတ်လ(၉)ရက်တွင် ဆူလာဝေစီပြည်နယ် Selayar ကျွန်းစုရေပြင်မှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် လိုက်ပါသွားသူ(၃၅)ဦးအနက် (၁၁)ဦးသည် ပင်လယ်ထဲတွင် သုံးရက်ကြာမျောပါခဲ့ပြီးနောက် သီးခြားကျွန်းနှစ်ခုတွင် သောင်တင်နေသည်ကို တွေ့ရှိခဲ့ကြောင်းလည်းသိရသည်။ အဆိုပါသင်္ဘောသည် ဆိုးရွားသောရာသီဥတုနှင့်အတူ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရသိရသည်။
ဒေသတွင်း အစိုးရအရာရှိ ကာကိုရားမတ်စ် က "သင်္ဘောသားတွေဟာ ပင်လယ်ထဲမှာ သုံးရက်လောက်မျောနေခဲ့တာပါ။ ပင်လယ်ရေစီးကြောင်းက သူတို့ကို Selayar ရေပြင်ကို ခေါ်ဆောင်သွားခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် သေဆုံးသူနှစ်ဦးကို သီးခြားကျွန်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ ငါးဖမ်းသင်္ဘောသည် မတ်လ(၃)ရက်တွင် ဂျာကာတာမြို့မြောက်ပိုင်း ဆိပ်ကမ်းမှ Nusa Tenggara ပြည်နယ်ရှိ Lombok ကျွန်းဆီသို့ ထွက်ခွါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားရေတပ် နှင့် ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။ ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီအရာရှိ အန်ဒီရက်စ်ဝမ်က "ပူးပေါင်းအဖွဲ့တွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ သူတို့အားလုံးဟာ မတ်လ(၁၃)ရက် မနက်မှာပဲ ပင်လယ်ထဲကို ထွက်ခွါသွားကြပါပြီ။ ကယ်ဆယ်ရေးသမားတွေဟာ သင်္ဘောတိမ်းမှောက်တဲ့နေရာကို ရောက်ဖို့အတွက် ငါးနာရီလောက်ကြာအောင် သွားရမှာပါ"ဟု ပြောဆိုခဲ့သည်။
အဆိုပါသင်္ဘောတိမ်းမှောက်မှုမှ အသက်ရှင်ကျန်ရစ်သူများကို ဒေသတွင်းငါးဖမ်းသမားများက တွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း Antara သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ ငါးဖမ်းသင်္ဘောတိမ်းမှောက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို မတ်လ(၁၂)ရက်နေ့ အစောပိုင်းတွင် လက်ခံရရှိခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း